အာဆင်နယ်နဲ့ ရီးစ်နယ်လ်ဆင်တို့ ကတ္တီပါလမ်းခွဲတခု အစပျိုးလာခဲ့ပြီလား
အာဆင်နယ်ဟာ ရီးစ်နယ်လ်ဆင်ကို စာချုပ်သစ် ကမ်းလှမ်းမှု ပြုထားပြီး ဖြစ်သလို ကစားသမားဘက်ကလည်း အသင်းမှာ ဆက်နေချင်ကြောင်း ဖွင့်ဟထားပေမယ့် ဆွေးနွေးမှုတွေဟာ အခုထက်ထိ အဆင်ပြေခြင်း မရှိသေးဘူးလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
နည်းပြ အာတေတာလက်အောက်မှာ ကစားခွင့် အကန့်အသတ်တွေ ဖြစ်နေတဲ့ ကစားသမားဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်သူ ဖြစ်တာကြောင့် အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေခဲ့တာပါ။
ဒါပေမယ့်လည်း ဒီနှစ်ရာသီ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလမ်းကြောင်းမှာ သွင်းဂိုးအချို့နဲ့ အကျိုးပြုနိုင်ခဲ့သလို အကယ်ဒမီထွက် ကြယ်ပွင့်တဦးပီပီ အသင်းမှာပဲ ဆက်ကစားဖို့ ဦးစားပေးထားတာကြောင့် နယ်ဆင်ရဲ့ စာချုပ်သစ်ဟာ အနှေးနဲ့ အမြန် အဆင်ပြေသွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ရပါတယ်။
အဲဒီအတွက် အာဆင်နယ်အသင်းကလည်း စာချုပ်သစ်ကမ်းလှမ်းမှုတခုကို ကစားသမားနဲ့ အေးဂျင့်ဆီ တရားဝင် ပေးပို့ထားပြီးပါပြီ။
ဒီအချိန်မှာတော့ အာဆင်နယ်အသင်းဘက်က ပေးလာတဲ့ ခံစားခွင့်၊ လုပ်ခလစာနဲ့ အခန်းကဏ္ဍတွေဟာ အခြားအသင်းတွေက ပေးလာတာတွေနဲ့ ယှဉ်ကြည့်တဲ့အခါ နယ်ဆင်အတွက် စဉ်းစားစရာတွေ ဖြစ်လာပုံရပါတယ်။
ဒါကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ ရှေ့ဆက်နိုင်ခြင်း မရှိဘဲ လိပ်ခဲတည်းလည်း အခြေအနေဘက်ကို ဦးတည်လာခဲ့တာပါ။
အာဆင်နယ်ဟာ နယ်ဆင်ကို စာချုပ်သစ်မှာ လုပ်ခလစာ တိုးမြှင့်ပေးခဲ့ပေမယ့်လည်း တပတ်လုပ်ခ ပေါင် ၃ သောင်းခွဲဝန်းကျင်နဲ့သာ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ဖြစ်ကြတဲ့ အက်စ်တွန်ဗီလာ၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်တို့က စိတ်ဝင်စားမှု ရှိနေသလို အေစီမီလန်နဲ့ ရိုးမားတို့လို စီးရီးအေကလပ်တွေကလည်း ချဉ်းကပ်နေတာကြောင့် နယ်ဆင်အတွက်က သေသေချာချာ စဉ်းစားဆုံးဖြတ်ရတော့မယ့်အချိန် ကျလာပါတယ်။
တကယ်လိုသာ နယ်ဆင်ကို လက်လွှတ်ခဲ့ရမယ်ဆိုရင် အာဆင်နယ်အသင်းအနေနဲ့တော့ ရာသီကုန် ဈေးကွက်ထဲမှာ တောင်ပံတိုက်စစ်ကစားသမားတဦး ဝယ်ယူသွားရဖွယ် ရှိနေပြီး မူဆာ ဒီယာဘီ၊ ဖယ်ရန် တောရက်စ်တို့လို တောင်ပံတိုက်စစ်တွဟာ ပစ်မှတ်စာရင်းထဲမှာ ရှိနေတယ်လို့ သိရပါတယ်။
- Posted In:
- Transfer News