မက္ကာလစ္စတာလုပွဲမှာ ဦးဆောင်နေတယ်ဆိုတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ ဘရိုက်တန်ကွင်းလယ်ကစားသမား အလက်ဆစ် မက္ကာလစ္စတာကို မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းနဲ့အပြိုင် စိတ်ဝင်စားနေပြီး လတ်တလောမှာ ခြေတလှမ်းဦးနေကြောင်း အာဂျင်တီးနားသတင်းဌာနတခုဖြစ်တဲ့ Gaston Edul က အတည်ပြုပါတယ်။
ဒီနှစ်ရာသီအစကတည်းက ဘရိုက်တန်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေခဲ့တဲ့ မက္ကာလစ္စတာဟာ (၂၀၂၂) ခုနှစ်၊ ကာတာ ကမ္ဘာ့ဖလားမှာတော့ အတောက်ပဆုံး ဖြစ်လာခဲ့ကာ ဥရောပထိပ်တန်းကလပ်တွေရဲ့ အာရုံကို စွဲဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီဝက်ကာလမှာ အသင်းမပြောင်းချင်တာကြောင့်သာ ဘရိုက်တန်မှာ ဆက်ရှိနေခဲ့တာပါ။
နွေအပြောင်းအရွှေ့မှာတော့ အသက် (၂၄) နှစ်သားဟာ ကစားသမားဘဝ နောက်တဆင့် တက်ရောက်နိုင်ဖို့အတွက် ဘရိုက်တန်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင်စိတ်ဝင်စားနေသလို အခြားစောင့်ကြည့်နေတဲ့ ကလပ်အသင်းများစွာလည်း ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီကုန်နွေအပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမား (၂) ဦး ခေါ်ယူသွားမယ်လို့ သတင်းထွက်ပေါ်နေတဲ့အသင်းဖြစ်ပြီး ဂရာနစ် ချာကာနေရာအတွက်ရော သောမတ်စ် ပါတေးနေရာအတွက်ပါ ရေရှည်အစားထိုးနိုင်မယ့် အရည်အသွေးမြင့် ကြယ်ပွင့်တွေကို ချိန်ရွယ်နေတာပဲ ဖြစ်ပါတယ်။
ချာကာနေရာအတွက်တော့ ဒီနှစ်ရာသီမှာ ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲ (၂၀) ကစားထားပြီး သွင်းဂိုး (၆) ဂိုး သွင်းယူပေးထားသလို ဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားတဲ့ မက္ကာလစ္စတာကို အသင့်တော်ဆုံး ကစားသမားအဖြစ် ရှုမြင်လာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မက္ကာလစ္စတာရဲ့ အသင်းဖော်ဖြစ်သူ မွိုက်ဆေး ကိုင်ဆယ်ဒိုကိုလည်း စိတ်ဝင်စားခဲ့ဖူးပေမယ့် လတ်တလောမှာတော့ ကွင်းလယ်ခံစစ်နေရာအတွက် ဝက်စ်ဟမ်းအသင်းရဲ့ ကြယ်ပွင့် ဒက်ကလန် ရိုက်ကိုသာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြောင့် ကိုင်ဆယ်ဒိုအပေါ် စိတ်ဝင်စားမှုတွေ လျော့ကျသွားနိုင်ပါတယ်။
Ref : Gaston Edul
- Posted In:
- Transfer News