ပါတေးနေရာအတွက် အသင့်သုံး ကစားသမားတဦးကို ပေါင် (၁၇) သန်းလောက်နဲ့ ရနိုင်မယ့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖွတ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဘီရယ် ဆောကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်သားဟာ ဖရန့်ဖွတ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုတွေကို ဆက်တိုက် ပယ်ချထားသူ ဖြစ်ပါတယ်။
အသက် (၂၆) နှစ်အရွယ် ကစားသမားတဦးအနေနဲ့ စိန်ခေါ်မှုသစ်တွေ ရှာဖွေဖို့နဲ့ ကစားသမားဘဝ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ရာသီကုန်နွေအပြောင်းအရွှေ့မှာ ဖရန့်ဖွတ်ကတော့ ထွက်ခွာဖို့ ဒီဘီရယ် ဆောတယောက် ဆုံးဖြတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဂန်းနားတွေဟာလည်း ကွင်းလယ်ပိုင်းကို အဆင့်မြှင့်တင်သွားဖို့ စီစဉ်နေတာဖြစ်ပြီး ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန် ရိုက်အပြင် နောက်ထပ် ကွင်းလယ်ကစားသမားတဦး ထပ်မံခေါ်ယူသွားဖို့ ရှိနေရာမှာ ဈေးနှုန်ပိုမိုသက်သာတဲ့ ရွေးချယ်စရာတွေကိုလည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ဒီဘီရယ် ဆောဟာ ဖရန့်ဖွတ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း (၃၀) လောက် ရှိပေမယ့် စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တာကြောင့် ဈေးကွက်တန်ဖို့အားဖြင့် လျော့ကျသွားပြီး ပေါင် (၁၇) သန်းလောက် အသုံးပြုရုံနဲ့တင် အပြောင်းအရွှေ့ ဖြစ်သွားနိုင်တယ်လို့ ဂျာမန်သတင်းဌာနတခုဖြစ်တဲ့ Sport1 က ဖော်ပြထားပါတယ်။
ကွင်းလယ်ခံစစ်မှာတင်မက ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်တိုက်စစ်တွေမှာလည်း နေရာစုံ ကစားနိုင်တဲ့ ဆောရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုက နည်းပြ အာတေတာ အကြိုက်ပုံစံမျိုး ဖြစ်ပြီး ကွင်းလယ်မှာ အလျင်းသင့်သလို အသုံးပြုနိုင်ခြင်းက သူ့ရဲ့ အားသာချက် ဖြစ်ပါတယ်။
ဒါ့အပြင် ဆွစ်ဇာလန်အသင်းဖော် ဂရာနစ် ချာကာနဲ့ ရင်းနှီးသူလည်း ဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိဖို့ရာ အခက်အခဲ မရှိဘဲ အမှန်တကယ် စိတ်ဝင်စားရိုးမှန်ခဲ့ရင် ဖြစ်လာနိုင်ခြေရှိတဲ့ အပြောင်းအရွှေ့တခုပဲလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့်လည်း လတ်တလော သတင်းအတည်ပြုချက်တွေအရတော့ အဓိကပစ်မှတ်ဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန် ရိုက်ပဲဖြစ်ပြီး ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ မွိုက်ဆေး ကိုင်ဆယ်ဒိုနဲ့ မက္ကာလစ္စတာ၊ အယ်ဗာတန် ကွင်းလယ်လူ အမာဒူ အိုနားနားတိုကိုလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
Ref : Daily Express
- Posted In:
- Transfer News