အမ်းမရိတ်စ်မှာ ကစားသမားသစ်တွေ ထပ်မြင်ရဦးမယ်လို့ သဲလွန်စပေးခဲ့တဲ့ ဂျာနယ်လစ်
အာဆင်နယ်အသင်းဟာ အရေးပါတဲ့ကစားသမားကိုသာ ထွက်ခွာခွင့် ပြုခဲ့မယ်ဆိုရင် ၎င်းရဲ့ နေရာမှာ အစားထိုးခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Sky Sport သတင်းထောက် ဒါးမက် ရှက်သ်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့ဟာ ယခုနွေရာသီမှာ အသင်းလူစာရင်းကို သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ဖြစ်လာစေနိုင်တဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ မန်စီးတီးကို ဆုဖလားအတွက် နောက်ထပ်တစ်ကြိမ် စိန်ခေါ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ကွင်းလယ်တိုက်စစ်ရော နောက်ချန်တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်ခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကို ခေါ်ယူခဲ့သလို ညာသန် ဗဟိုခံစစ်ကစားသမားအဖြစ်ရော ညာနောက်ခံနေရာမှာပါ ကစားနိုင်တဲ့ တင်းဘားကိုလည်း အိုင်းယက်ကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂန်းနားတွေရဲ့ အဓိကအကျဆုံး ခေါ်ယူမှုကတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်ဖြစ်ပြီး အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကစားသမားခေါ်ယူမှုတွေကြောင့် အာဆင်နယ်အသင်းဟာ ကစားသမားရောင်းချမှုကနေ ဝင်ငွေ ပြန်ရှာသွားရမှာဖြစ်ပြီး ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာနဲ့ ပါဘလို မာရီတို့ကို ရောင်းချပြီးဖြစ်သလို မိတ်လန်း နိုင်းစ်ကိုလည်း စာချုပ်သက်တမ်းကုန်ဆုံးလို့ ထွက်ခွာခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ဆော်ဒီအာရေဗျကလပ်တွေနဲ့ ဂျူဗင်တပ်အသင်းက အာဆင်နယ်ကွင်းလယ်လူ သောမတ်စ် ပါတေးကို ယခုနွေရာသီအပြောင်းအရွှေ့ကာလတလျှောက်လုံး ချဉ်းကပ်ခဲ့တယ်လို့ သိရပေမယ့်လည်း ဂါနာကွင်းလယ်လူက အမ်းမရိတ်စ်မှာပဲ ဆက်ရှိနေဖွယ်ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဒင်း ဂျုံးစ်ကတော့ ပေါင်သန်း ၃၀ တန်ကွင်းလယ်ကစားသမားဟာ ယခုနွေရာသီမှာ ကစားသမားရောင်းချမှုကနေ ဝင်ငွေလိုအပ်နေတဲ့ အာဆင်နယ်ရဲ့လိုအပ်ချက်ကြောင့် အမ်းမရိတ်စ်မှာ ဆက်မရှိဖို့များတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါးမက် ရှက်သ်ကတော့ အာဆင်နယ်မှာ ကစားသမားအဝင်တွေရော အထွက်တွေပါ ပိုပြီး မြင်တွေ့ရနိုင်တယ်လို့ ယုံကြည်နေပြီး အာတီတာက အသက် ၃၀ အရွယ်ကွင်းလယ်ကစားသမားကိုသာ ရောင်းချခဲ့မယ်ဆိုရင် အစားထိုးခေါ်ယူမှုပြုလုပ်ချင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
“တကယ်လို့ပေါ့။ အဲဒါက ကြီးမားတဲ့ အပြောင်းအရွှေ့ပါ။ တကယ်လို့ အာဆင်နယ်သာ သောမတ်စ် ပါတေးကို ရောင်းချမယ်ဆိုရင် သူတို့တွေ နောက်ထပ်ကစားသမားကို ခေါ်ယူချင်မှာပါ။ ကျွန်တော်တို့ အာဆင်နယ်မှာ နောက်ထပ် ကစားသမား ထွက်ခွာမှုတွေ ဒါမှမဟုတ် အဝင်တွေ မရှိတော့ဘူးဆိုတာမဟုတ်ဘူးလို့ ပြောတာကြားခဲ့ပါတယ်။ အဝင်ကတော့ထွက်မယ့်ကစားသမားတွေအတွက် ဘယ်လောက်ရမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ အခုအချိန်အထိ သူတို့ ပေါင်သန်း ၂၀၀ ကျော် သုံးထားလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News