လူကောင်ကြီးတဲ့ တိုက်စစ်မှူး လိုချင်နေတဲ့ အာဆင်နယ်နဲ့ ဘာလိုဂန်ရဲ့ အနာဂတ်
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးလေး ဖိုလာရင် ဘာလိုဂန်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ရာသီကုန်မှာ ကစားသမားဖြစ်သူနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ အသက် (၂၁) နှစ်သားလေးဟာ ဒီရာသီမှာ ပြင်သစ်ကလပ် ရမ်းစ်အသင်းဆီ အငှားထွက်ကစားပြီး ပြင်သစ်လိဂ် သွင်းဂိုး (၁၇) ဂိုးအထိ သွင်းယူကာ ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပါတယ်။
ဘာလိုဂန်ရဲ့ တိုးတက်မှုတွေကို အာဆင်နယ်အသင်းဘက်ကတော့ အမြဲတမ်း စောင့်ကြည့်နေပြီး ကစားသမားတွေကို အငှားချတာနဲ့ပတ်သက်လို့ တာဝန်ယူရတဲ့ မန်နေဂျာ ဘန် ကနက်ပါဟာ နည်းပြ မီကေလ် အာတေတာနဲ့ အားကစားဒါရိုက်တာ အက်ဒူးတို့ဆီကို အဆက်မပြတ် သတင်းပေးပို့နေတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ဘာလိုဂန်ရဲ့ အနာဂတ်ကို ရာသီကုန် နွေရာသီမှာ ပြတ်ပြတ်သားသားပဲ ရွေးချယ် ဆုံးဖြတ်ရပါတော့မယ်။ ဟေးအန့်အကယ်ဒမီထွက် ကြယ်ပွင့်လေးကို အာဆင်နယ်အနေနဲ့ လူစာရင်းထဲ ထည့်သွင်းလာနိုင်သလို စာချုပ်သက်တမ်း (၂) နှစ်သာ ကျန်တော့တဲ့အချိန်မှာ ရောင်းချရန်လည်း အကောင်းဆုံး ဖြစ်နေတဲ့အတွက် ဘယ်လမ်းကို ရွေးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ဘာလိုဂန်ဟာ တိုက်စစ်ပိုင်း ဘယ်နေရာမှာမဆို ကစားနိုင်သူဖြစ်တာကြောင့် ဆွဲဆောင်မှုအားပြင်းတဲ့ ရွေးချယ်စရာ တခုတော့ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း နည်းပြ အာတေတာဟာ အထောင်တိုက်စစ်မှာ လူကောင်ကြီးမားပြီး ကြံ့ခိုင်မှုကောင်းမွန်တဲ့ ကစားသမားကို အလိုရှိနေတာကြောင့် ဘာလိုဂန်တယောက် အသင်းကနေလည်း ထွက်ခွာသွားနိုင်ပါတယ်။
အာဆင်နယ်အသင်းဟာ အဲဒီအတွက် ဒေါ့မနစ် ကဲလ်ဗက်-လီဝင်၊ ဒူဆန် ဗလာဟိုဗစ်၊ တင်မီ အေဘရာဟမ်နဲ့ ဗစ်တာ အိုဆီမန်တို့လို တိုက်စစ်မှူးတွေကို ကင်းထောက်တွေစေလွှတ်ကာ စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် အတ္တလန်တာနဲ့ ဒိန်းမတ်အသင်းအတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်လေး ရာ့ရှ်မက် ဟော့ဂျ်လန်းကိုလည်း စိတ်ဝင်စားနေပါတယ်။
အရပ်အမောင်း မြင့်မြင့်မားမားနဲ့ တိုးအားရုန်းအား ကောင်းမွန်တဲ့ တိုက်စစ်မှူးတဦးကို လူစာရင်းထဲ ထပ်ပေါင်းထည့်နိုင်ခဲ့ရင် မတူညီတဲ့ ရွေးချယ်စရာတွေ ရှိလာလိမ့်မယ်လို့ အာဆင်နယ်အသင်းက ယုံကြည်နေတာပါ။ လက်ရှိအချိန်မှာတော့ ဂျေးဇု၊ ထရောဆာဒ်တို့လို ရွေ့လျားချိတ်ဆက်ကစားမှုကောင်းမွန်တဲ့ တိုက်စစ်ကစားသမားနဲ့ အန်ကီးတီးယားကို ဧရိယာအတွင်း အန္တရာယ်ကြီးမားတဲ့ တိုက်စစ်မှူးတွေကို အာဆင်နယ်အသင်း ပိုင်ဆိုင်ထားပါတယ်။
တဖက်မှာလည်း ဘာလိုဂန်တယောက် ပြင်သစ်မြေမှာ ခြေစွမ်းကောင်းတွေ ပြသနေတာဟာ အာဆင်နယ်အသင်းအတွက်တော့ ဆုံးဖြတ်ရခက်စေမယ့် ကိစ္စတခု ဖြစ်လာခဲ့ပြီး အသင်းအတွက် ပေးဆပ်လိုစိတ်ကြီးမားတဲ့ အကယ်ဒမီထွက်ကစားသမားတဦးကို ခပ်လွယ်လွယ် လက်လွှတ်ဖိုးအတွက် အလေးအနက်ထား စဉ်းစားစရာ ဖြစ်လာပါတယ်။
ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ရာသီကုန်မှာ ဘာလိုဂန်ကိုပဲ အသင်းမှာ ဆက်ထိန်းထားမလား … ရောင်းချပြီး တိုက်စစ်မှူးသစ်တဦး ခေါ်ယူသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး လောလောဆယ်မှာတော့ နှစ်ဦးနှစ်ဖက်စလုံးဟာ လက်ရှိရာသီကို အကောင်းဆုံး ပိတ်သိမ်းနိုင်ဖို့အတွက်ပဲ အာရုံစိုက်နေပါတယ်။
Ref : Standard
- Posted In:
- Transfer News