မေဆင်မောင့်ထ်ကို ပစ်မှတ်စာရင်းထဲ ထည့်လိုက်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ နွေရာသီ အပြောင်းအရွှေ့အစီအစဉ်တွေကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ရာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆင်မောင့်ထ်ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။
(၂၀၂၃-၂၄) ဘောလုံးရာသီအတွက် အရည်အသွေး မြင့်မားတဲ့ ကြယ်ပွင့်တွေကို အသင်းလူစာရင်းထဲ ပေါင်းထည့်မယ့် ဂန်းနားတွေရဲ့ အဓိက ပစ်မှတ်ကတော့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်ပါ။
ဒီနေ့ သောကြာညမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာသာ ဆောက်ဟမ်တန်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်အတွက် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်က သေချာသွားမှာဖြစ်ပြီး နည်းပြ အာတေတာနဲ့ အားကစားဒါရိုက်တာ အက်ဒူးတို့ကလည်း နွေရာသီ အစီအစဉ်တွေကို စတင်တော့မှာ ဖြစ်ပါတယ်။
ကွင်းလယ်ကို အဓိကထား အင်အားဖြည့်သွားမှာဖြစ်ပြီး ဒက်ကလန် ရိုက်အပြင် ချဲလ်ဆီးရဲ့ စာချုပ်သစ်ကို ငြင်းဆိုထားတဲ့ မောင့်ထ်ဟာလည်း တာဝန်ရှိသူတွေကြား ထည့်သွင်းဆွေးနွေးနေတဲ့ ပစ်မှတ် ဖြစ်လာပါတယ်။
အသက် (၂၄) နှစ်အရွယ် အင်္ဂလန်သားကို လီဗာပူးလ်၊ နယူးကာဆယ်၊ မန်စီးတီးနဲ့ မန်ယူတို့ကလည်း ပစ်မှတ်ထားနေကြတာကြောင့် လွယ်ကူမယ့် ပစ်မှတ်တခုတော့ မဟုတ်ဘူးလို့ ဆိုရပါမယ်။
ချယ်လ်ဆီးကတော့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်တော့တာကြောင့် တချက်ခုတ်၊ နှစ်ချက်ပြတ်အနေနဲ့ ငွေကြေး မြိုးမြိုးမြတ်မြတ် ရသလို ဘဏ္ဍာရေးအခြေအနေလည်း ဟန်ချက်ညီစေဖို့ရာ မောင့်ထ်ကို ရောင်းချသွားမယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ မောင့်ထ်ကို စိတ်ဝင်အစားဆုံး ကလပ်အသင်းအဖြစ် လီဗာပူးလ်အသင်းက ထိပ်ဆုံးက ပြေးနေပြီး အာဆင်နယ်ကတော့ အခြေအနေတွေကို စောင့်ကြည့်ဆဲအဆင့်မှာသာ ရှိနေပါသေးတယ်။
Ref : Charles Watts (Goal)
- Posted In:
- Transfer News