ဘာလိုဂန်အတွက် ရွေးချယ်စရာ နည်းလမ်း (၂) မျိုးကိုပဲ အာဆင်နယ် စဉ်းစားနေ mgsaw

ဘာလိုဂန်အတွက် ရွေးချယ်စရာ နည်းလမ်း (၂) မျိုးကိုပဲ အာဆင်နယ် စဉ်းစားနေ

အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် ရမ်းစ်အသင်းဆီ အငှားထွက်ကစားနေပြီး အလားအလာကောင်းတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ တိုက်စစ်မှူးလေး ဖိုလာရင် ဘာလိုဂန်ကို ရောင်းချသွားဖို့တော့ စိတ်ကူးမရှိသေးဘဲ ရွေးချယ်စရာ နည်းလမ်း (၂) မျိုးကိုပဲ စဉ်းစားနေကြောင်း CBS သတင်းဌာနက ဖော်ပြထားပါတယ်။

အသက် (၂၁) နှစ်သားလေးဟာ ပွဲထွက်ခွင့်နဲ့ အတွေ့အကြုံပိုင်းအတွက် ပြင်သစ်ကို သွားရောက်ကစားနေတာဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် အသားကျမှုတွေနဲ့အတူ သွင်းဂိုးတွေပါ ဆက်တိုက် သွင်းယူနေတာကြောင့် ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။

တဖက်မှာလည်း အာဆင်နယ်အသင်းရဲ့တိုက်စစ်မှာ ဂါဘရီယဲလ် ဂျေးဇုနဲ့ အက်ဒီ အန်ကီးတီးယားတို့အပြင် နေရာစုံ ကစားနိုင်စွမ်းရှိတဲ့ ထရောဆာဒ်လို ကစားသမားမျိုးပါ ရှိနေတာကြောင့် ဘာလိုဂန်အနေနဲ့ နောက်နှစ်ရာသီမှာတောင် အခွင့်အရေးရဖို့ မလွယ်ကူတဲ့ အနေအထားမျိုး ဖြစ်နေတာပါ။

အာဆင်နယ်အသင်းကရော ကစားသမားဖြစ်သူကပါ ရာသီကုန်မှ စဉ်းစားဆုံးဖြတ်သွားမယ်လို့ ဆိုထားပေမယ့် အနာဂတ်နဲ့ပတ်သက်လို့တော့ မီဒီယာစာမျက်နှာတွေထက်မှာ လှုပ်ခတ်နေခဲ့ပြီး အေစီမီလန်အသင်း အပါအဝင် ဥရောပကလပ်အသင်းအချို့က ချဉ်းကပ်မှုအချို့ ပြုလာတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း CBS သတင်းဌာနရဲ့ သတင်းထောက်တဦးဖြစ်သူ ဘန် ဂျာကော့ပ်ကတော့ အာဆင်နယ်အသင်းဟာ ဘာလိုဂန်ကို ရောင်းချသွားဖို့ရာ စိတ်ကူးမရှိဘဲ နောက်နှစ်ရာသီမှာ အသင်းကြီးထဲကိုပဲ ထည့်သွင်းမလား … တရာသီအငှား ဆက်ချသွားမလားဆိုတာပဲ စဉ်းစားနေတယ်လို့ အတည်ပြုပါတယ်။

” အခုချိန်မှာတော့ အာဆင်နယ်အသင်းဟာ နွေအပြောင်းအရွှေ့မှာ ဘာလိုးန်ကို ရောင်းချသွားဖို့ စိတ်ကူးမရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။ အဲဒီအစား သူတို့အနေနဲ့ ရွေးချယ်စရာ နည်းလမ်း (၂) ခုကို စဉ်းစားနေနိုင်ပါတယ်။ အငှားမချတော့ဘဲ အသင်းကြီးထဲ ထည့်ထားမလား … ဒါမှမဟုတ် တရာသီအငှား ထပ်ချမလားပေါ့။ ”

” ဒါမှလည်း သူ့အတွက်က ပွဲကစားချိန်ရမှာ ဖြစ်ပါတယ်။ ဘာလိုဂန်အတွက် အာဆင်နယ်အသင်း တာဝန်ရှိသူတွေ အသေအချာ အလေးအနက်ထားပြီး ဆွေးနွေးနေပါတယ်။ ရာသီကုန်ရင်တော့ ဘာဖြစ်လာမလဲဆိုတာ ပိုပြီး တိတိကျကျ သိရပါလိမ့်မယ်။ ရာသီကြိုကာလမှာ သူ့ကို အနီးကပ် စောင့်ကြည့်သွားဖို့လည်း ရှိနေပါသေးတယ်။ ”

” အဲဒီနောက်မှာမှ အသင်းမှာပဲ ဆက်ထိန်းထားမလား .. အငှားထပ်ချသွားမလားဆိုတာ အာဆင်နယ်အသင်း ဆုံးဖြတ်သွားမယ် ထင်ပါတယ်။ ” လို့ ဘန် ဂျာကော့ပ်က ပြောပါတယ်။

Ref : CBS Sport