ပေပေကို အပြီးသတ်ခေါ်ချင်ပေမယ့် ပြောင်းရွှေ့ကြေး မပေးလိုတဲ့ နိစ်
ပြင်သစ်ကလပ် နိစ်အသင်းဟာ အာဆင်နယ်အသင်းဆီကနေ အငှားခေါ်ယူထားတဲ့ တောင်ပံတိုက်စစ်ကစားသမား နီကိုးလက်စ် ပေပေကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူသွားလိုနေပေမယ့်လည်း ပြောင်းရွှေ့ကြေး တစုံတရာတော့ ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။
အိုက်ဗရီကို့စ်သားဟာ ဂန်းနားတို့ဆီကို (၂၀၁၉) ခုနှစ်မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပေမယ့်လည်း မျှော်မှန်းထားသလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပရီးမီးယားလိဂ် ကစားဟန်နဲ့ အသားကျဖို့ရာ ရုန်းကန်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁၂) ပွဲ ကစားခဲ့ရာမှာ (၂၇) ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အသက် (၂၇) နှစ်သားဟာ နည်းပြ အာတေတာလက်ထက်မှာ ပွဲကစားခွင့် ပျောက်ဆုံးခဲ့ပြီး နောက်ဆုံးမှာတော့ ပြင်သစ်မြေကိုပဲ တကျော့ပြန်သွားရောက်ကစားနေတာ ဖြစ်ပါတယ်။
နိစ်အသင်းဆီ အငှားသွားရောက်ကစားနေတဲ့ ပေပေရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်က မဆိုးလှဘူးလို့ ဆိုနိုင်ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ (၂၅) ပွဲအထိ ကစားခွင့် ရရှိထားသလို သွင်းဂိုး (၈) ဂိုးလည်း ရယူထားနိုင်ခဲ့ပြီးဖြစ်ကာ ပြင်သစ်မြေမှာ ကစားသမားဘဝရဲ့ ပျော်ရွှင်မှုကို ထပ်မံရှာဖွေနိုင်နေပါတယ်။
အဆိုပါ စွမ်းဆောင်ရည်တွေကြောင့်လည်း နိစ်အသင်းဟာ ပေပေကို အပြီးသတ် ခေါ်ယူလိုနေတာဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးအလွတ်နဲ့မှသာ ခေါ်ယူချင်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ စာချုပ်ဖျက်သိမ်းပေးရမယ့် အခြေအနေမျိုး ထပ်မံကြုံတွေ့ရလာနိုင်ပါတယ်။
ဒီရာသီကုန်မှာ ပေပေဟာ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး အာဆင်နယ်အနေနဲ့လည်း အသုံးမလိုတော့တဲ့ ကစားသမားတဦးကို အသင်းကနေ ထုတ်ချင်တာကြောင့် လက်ကျန်လုပ်ခလစာကို အပြည့်အဝ ပေးချေကာ စာချုပ်ဖျက်သိမ်းပေးရနိုင်ပါတယ်။
ဒါပေမယ့်လည်း ဒီနေရာမှာ ပေပေရဲ့ သဘောထားကလည်း စကားပြောလာမှာဖြစ်ပြီး ကစားသမားအနေနဲ့ အသင်းနဲ့ သဘောတူညီမှုရယူကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပေးမယ်ဆိုရင်တော့ အာဆင်နယ်အနေနဲ့ ပေပေအတွက် ပြောင်းရွှေ့ကြေး မရပေမယ့်လည်း အကုန်အကျတော့ သက်သာသွားနိုင်ပါတယ်။
Ref : The Sun
- Posted In:
- Transfer News