နယ်လ်ဆင်ကို စာချုပ်သစ်ချုပ်ဖို့ အာဆင်နယ် စတင်ဆွေးနွေး
အာဆင်နယ်အသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ရီးစ် နယ်လ်ဆင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် အင်္ဂလန်သားရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေပြီး မကြာမီမှာ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာ ချမှတ်သွားလိမ့်မယ်လို့ အစောကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းဘက်က စာချုပ်သစ်အတွက် လှုပ်ရှားမှုတွေ ရှိလာခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အမ်းမရိတ်မြေမှာ ဆက်ရှိလိုနေတာကြောင့် သတင်းကောင်းတခု ကြားရတော့မယ့်ပုံပါပဲ။
အာဆင်နယ်အသင်းအနေနဲ့လည်း အသက် (၂၃) နှစ်သားဟာ သူတို့အသင်းမှာပဲ ဆက်ကစားလိမ့်မယ်လို့ ယုံကြည်မှု အပြည့်အဝ ရှိနေပြီး စာချုပ်သစ်ကိစ္စတွေကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဟေးအန့်အကယ်ဒမီ ထုတ်ကုန်တခုဖြစ်တဲ့ နယ်လ်ဆင်ဟာ (၂၀၁၇) ခုနှစ်ကတည်းက အသင်းကြီးမှာ နေရာရလာသူ ဖြစ်ပေမယ့်လည်း မျှော်မှန်းထားသလောက် ဖြစ်မလာသေးဘဲ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲခန့်သာ ကစားခွင့် ရထားသေးပါတယ်။
အငှားထွက်ကစားခြင်းတွေနဲ့သာ အချိန်ကုန်ခဲ့ရသလို ဒဏ်ရာပြဿနာတွေ နှိပ်စက်ခြင်း ခံရတာကလည်း နယ်လ်ဆင်ရဲ့ ကစားသမားဘဝ တိုးတက်မှုကို အနှောက်အယှက်ဖြစ်စေပြီး မှေးမှိန်နေတဲ့ ကြယ်တပွင့်အဖြစ်သာ အမ်းမရိတ်မြေမှာ ရှိနေခဲ့ရတာပါ။
ဒါပေမယ့်လည်း ဒီနှစ်ရာသီမှာတော့ လူစားဝင်ကစားတိုင်း ခြေစွမ်းပြနေပြီး အသင်းအတွက် အဖိုးတန် သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ပြုလုပ်ပေးထားနိုင်ကာ သွင်းဂိုး (၃) ဂိုး၊ ဖန်တီးမှု (၂) ကြိမ်နဲ့ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံး လူစားဝင်ကစားသမားအဖြစ် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။
Ref : Daily Mail
- Posted In:
- Transfer News