အာဆင်နယ်ရဲ့နွေရာသီအိပ်မက်ကို အလှပဆုံးအဆုံးသတ်ဖို့ ရွေးချယ်စရာ ၃ ခုရှိနေတဲ့ အာတီတာ
အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့လုပ်ဆောင်မှုတွေဟာ အလွန်လျင်မြန်ပြီး ထိပ်တန်းပစ်မှတ်တွေကို ခပ်ကြမ်းကြမ်းပဲ အရခေါ်ယူနိုင်ခဲ့ပေမယ့်လည်း အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ကစားသမားခေါ်ယူမှုအနည်းငယ်လိုအပ်နေသေးတာဖြစ်ပါတယ်။
ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်၊ တင်းဘားတို့အတွက် ပေါင်သန်း ၂၀၀ အထိ သုံးစွဲခဲ့တဲ့ အာဆင်နယ်ဟာ ဂိုးနေရာအတွက်လည်း ဘရန့်တ်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူခဲ့ပြီး အာတီတာက နောက်ထပ်ကစားသမားခေါ်ယူမှုတွေ မမျှော်လင့်ထားဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပေမယ့်လည်း စျေးကွက်ထဲမှာ နောက်ကျခေါ်ယူမှုတွေ ပြုလုပ်နိုင်တယ်ဆိုတာကိုတော့ မငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
အာတီတာ အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးတဲ့ နေရာတွေထဲက တစ်ခုက တောင်ပံဖြစ်ပြီး အထူးသဖြင့် ဘူကာယို ဆာကာကို ရိစ် နယ်လ်ဆင်ထက် ပိုပြီး ယှဉ်ပြိုင်မှု ပေးနိုင်မယ့် ကစားသမား လိုအပ်နေတာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ အာတီတာတို့အတွက် နွေရာသီအိပ်မက်ကို အလှပဆုံး အဆုံးသတ်နိုင်ဖို့အတွက် ရွေးချယ်စရာ ၃ ခုအထိရှိနေပြီး အဲဒီရွေးချယ်စရာတွေကတော့…
၁။ ပြိုင်ဘက် ၂ သင်းရဲ့ ပစ်မှတ်ကို ကြားဖြတ်ခေါ်ယူမှု
အာဆင်နယ်အနေနဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ရင်းနေးတောင်ပံကစားသမား ဂျယ်ရမီး ဒိုကုကို ယခုနွေရာသီမှာ ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းနိုင်ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ တောင်ပံ ၂ ဖက်စလုံးမှာ ကစားနိုင်ပါတယ်။ ဒိုကုဟာ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်းများစွာ ပါဝင်ကစားပေးထားပြီးဖြစ်သလို ပြိုင်ပွဲစုံမှာလည်း စီနီယာကစားသမားဘဝ ပွဲပေါင်း ၁၀၀ နီးပါး ကစားထားပြီးဖြစ်ပါတယ်။ ပြေးအားကောင်းသလို အလိမ်အခေါက်ကောင်းပြီး ဂိုးသွင်းယူနိုင်စွမ်းရှိတဲ့ ဒိုကုဟာ တောင်ပံ ၂ ဖက်စလုံးမှာ ခြေထောက် ၂ ဖက်စလုံးကိုပါ အသုံးပြုပြီး နောက်ခံလူတွေကို လိမ်ခေါက်ဖြတ်ကျော်တာ၊ အတွင်းဘက်ကို ချိုးဝင်တာတွေ ပြုလုပ်နိုင်တာကြောင့် ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။
၂။ စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းခြင်း
အာဆင်နယ်အနေနဲ့ ဝုလ်ဗ်စ် တောင်ပံကစားသမား ပက်ဒရို နီတိုကို စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းနိုင်ပြီး ဝံပုလွေတွေဟာ ၎င်းတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကို စိုးရိမ်ပူပင်မှုအနည်းငယ်ရှိနေတာကြောင့် ငွေကြေးအချို့ ရှာဖွေဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အရင်တုန်းက ပေါ်တူဂီတောင်ပံကစားသမားနဲ့ သတင်းထွက်ခဲ့ဖူးပြီး တောင်ပံ ၂ ဖက်စလုံးမှာ ကစားနိုင်တဲ့ နီတိုက အသင်းကို အရည်အသွေးအချို့ ထပ်ဖြည့်ပေးနိုင်မှာဖြစ်ပေမယ့် ဒဏ်ရာပြဿနာအချို့ရှိနေတာကတော့ အနည်းငယ်စိုးရိမ်စရာရှိပါတယ်။
၃။ အိပ်မက်ထားတဲ့ ရွေးချယ်စရာ
အာဆင်နယ်သာ ဒီနွေရာသီမှာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ထပ်သုံးချင်သေးရင် နာပိုလီတောင်ပံကြယ်ပွင့် ခဗာရက်စခီလီယာကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ပြီး ဂျော်ဂျီယာလက်ရွေးစင်ကြယ်ပွင့်ဟာ နာပိုလီကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံး စကူဒက်တိုဖလားရရှိအောင် ၎င်းရဲ့ အလိမ်အခေါက်စွမ်းရည်တွေနဲ့ အကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Team News
- Transfer News