မိုဟာမက် ဆာလားထက် လျင်မြန်တဲ့ကစားသမားကို ခေါ်ချင်နေတဲ့ အာဆင်နယ် 1024 504 coyg

မိုဟာမက် ဆာလားထက် လျင်မြန်တဲ့ကစားသမားကို ခေါ်ချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲခဲ့ပြီးဖြစ်ပေမယ့်လည်း အင်အားမဖြည့်တင်းရသေးတဲ့တစ်နေရာကတော့ တောင်ပံဖြစ်ပါတယ်။

ခိုင် ဟာဗတ်ဇ်က ကွင်းလယ်တိုက်စစ်နေရာမှာ ကစားဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီကလန် ရိုက်နဲ့ တင်းဘားတို့က ခံစစ်ပိုင်းအတွက် အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ဟာ အများကြီး အားဖြည့်စရာမလိုဘူးဆိုပေမယ့်လည်း ဆာကာကို အနားပေးနိုင်ဖို့အတွက် အရည်အသွေးရှိတဲ့ တောင်ပံကစားသမားတစ်ဦးလောက်တော့ လိုအပ်နေတာအမှန်ပဲဖြစ်ပါတယ်။

Ekstrabladet ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဖရန့်ဖွတ်တောင်ပံကစားသမား ယက်စပါ လင်းစထရွန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ဒိန်းမတ်လက်ရွေးစင်ကြယ်ပွင့်ဟာ ဥရောပရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

လင်းစထရွန်းဟာ ဘွန်ဒက်စ်လီဂါမှာ ခြေအသွက်ဆုံးကစားသမားဆိုတာ ငြင်းချက်ထုတ်စရာမရှိဘဲ ပြီးခဲ့တဲ့ရာသီမှာ လိဂ်သွင်းဂိုး ၇ ဂိုးအထိ သွင်းယူခဲ့တာကြောင့် ဂိုးသွင်းယူမှုအပိုင်းမှာလည်း ကောင်းမွန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ The Speed Database ရဲ့ ဖော်ပြချက်အရ လင်းစထရွန်းဟာ ဥရောပရဲ့အမြန်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မြန်နှုန်းက မို ဆာလားထက်ပိုမြင့်မားတယ်လို့ သိရပါတယ်။

ဖရန့်ဖွတ်အသင်းက လင်းစထရွန်းအတွက် မကြာသေးမီက ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းသတ်မှတ်ထားခဲ့တာကြောင့် အာဆင်နယ်အတွက်လည်း ခြေနိုင်လက်နိုင်ရှိတဲ့ ရွေးချယ်စရာတစ်ခုဆိုတာ ကျိန်းသေပါတယ်။

အာဆင်နယ်အနေနဲ့ ဒီအပြောင်းအရွှေ့ကို အပြီးသတ်နိုင်အောင် လုပ်ဆောင်နိုင်မလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး လင်းစထရွန်းသာ ရောက်လာမယ်ဆိုရင် ဂန်းနားတွေဟာ ဥရောပက စိတ်လှုပ်ရှားစရာအကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ဦးကို ပိုင်ဆိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet