တန်ဟက်ရဲ့ ပစ်မှတ်ကို ကြားဖြတ်လုယူဖို့ စဉ်းစားနေတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ယူရီယန် တင်းဘားရဲ့ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ့်သတင်းကို အတည်ပြုခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘန်ဂျမင် ပါဗက်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဒတ်ချ်နောက်ခံကစားသမားဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ဒူးအရွတ်အရှေ့စုတ်ပြဲဒဏ်ရာရရှိသွားခဲ့ပြီးနောက် အနည်းဆုံး ၆ လအထိ အနားယူရတော့မှာဖြစ်ပြီး အိုင်းယက်ကနေ ပြောင်းရွှေ့လာပြီးနောက် ဂန်းနားတွေအတွက် ပထမဆုံး ပွဲဦးထွက်ပါဝင်ကစားပေးချိန်မှာ ပြင်းထန်တဲ့ဒဏ်ရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။
တင်းဘားရဲ့ ဒဏ်ရာကြောင့် အာတီတာအနေနဲ့ ယခုရာသီ ပွဲထွက်လူစာရင်းအတွက် အကန့်အသတ်ရှိလာတော့မှာဖြစ်ပြီး အိုင်းယက်ကြယ်ပွင့်ဟောင်းဟာ Inverted နောက်ခံတောင်ပံကစားသမားအဖြစ် ကစားပေးနိုင်သူဖြစ်တာကြောင့် ဒတ်ချ်နောက်ခံလူမပါဝင်မှုက စပိန်လူမျိုးနည်းပြကို အပြောင်းအရွှေ့စျေးကွက်ထဲ ပြန်ဝင်ဖို့ စဉ်းစားစရာဖြစ်လာစေခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်နောက်ခံလူ ဘန်ဂျမင် ပါဗက်ဟာ ယခုလအစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်က မန်ချက်စတာယူနိုက်တက်ရဲ့ အဖွင့်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်ကတည်းက မန်ချက်စတာယူနိုက်တက်က ပါဗက်ကို စိတ်ဝင်စားမှု အေးစက်လာခဲ့ပြီး ဟာရီ မက်ဂွိုင်းယားကလည်း အသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်နေတာကြောင့် ကစားသမားအဝင်ထက် အထွက်ရှိလာဖို့ကို ပိုမို အာရုံစိုက်နေတာဖြစ်ပါတယ်။
ဖက်ဘရီဇီယို ရိုမာနိုက ဒီအခြေအနေဟာ အာဆင်နယ်အတွက် လမ်းပွင့်သွားစေပြီး ဂန်းနားတွေဟာ တင်းဘားရဲ့နေရာအတွက် ပါဗက်ကို အစားထိုးခေါ်ယူမှုအဖြစ် စဉ်းစားနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်နောက်ခံလူဟာ စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲချင်နေပြီး ဗဟိုခံစစ်နေရာမှာ ကစားချင်ပေမယ့်လည်း ညာနောက်ခံအဖြစ်နဲ့သာ ကစားပေးခဲ့ရတာဖြစ်ပါတယ်။ ဒါက အာတီတာ ရှာဖွေနေတဲ့ Inverted နောက်ခံတောင်ပံနေရာအတွက် အဓိကပစ်မှတ်ဖြစ်လာစေပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်နေတဲ့ ပါဗက်ကို အရခေါ်ယူသွားမလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News