အာတီတာရဲ့ကစားသမားသစ် ၂ ဦးအပေါ် အမှန်တိုင်း သုံးသပ်ခဲ့တဲ့ သရဲနီဟောင်း 1024 504 coyg

အာတီတာရဲ့ကစားသမားသစ် ၂ ဦးအပေါ် အမှန်တိုင်း သုံးသပ်ခဲ့တဲ့ သရဲနီဟောင်း

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ်စ်က ဒီကလန် ရိုက်ဟာ အာတီတာ ကစားစေချင်တဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ကစားပေးနိုင်ပြီး ဒီနွေရာသီရဲ့ အံ့အားသင့်စရာ ခေါ်ယူမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟားဂရိဗ်စ်ဟာ လာမယ့်ရာသီအတွက် ကြိုတင်သုံးသပ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားနဲ့ လက်တကမ်းအကွာကို ရောက်ရှိခဲ့ပြီးနောက် ယခုရာသီမှာ နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ ယခုနွေရာသီမှာ အာဆင်နယ်ရဲ့ အကြီးမားဆုံး ခေါ်ယူမှုဖြစ်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ ရာသီကြိုကာလမှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံးပုံစံ ပြသနိုင်ဖို့အတွက် အချိန်အနည်းငယ် လိုအပ်မယ်ဆိုတဲ့လက္ခဏာတွေကို ပြသခဲ့ပေမယ့်လည်း ဟားဂရိဗ်စ်က အင်္ဂလန်ကွင်းလယ်ကစားသမားရဲ့ရှေ့မှာ ကြီးမားတဲ့အနာဂတ်ရှိနေပြီး လာမယ့်နှစ်တွေမှာ အာဆင်နယ်အတွက် ကြီးမားတဲ့ကစားသမားဖြစ်လာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် ဒီကလန်ကို နှစ်သက်တယ်။ သူက ချန်ပီယံမဖြစ်သေးတဲ့အသင်းကို ရွေးချယ်သွားတာကိုလည်း ကျွန်တော် သဘောကျတယ်။ ဒါက သူဟာ ဘယ်လိုလူလဲဆိုတာ ခင်ဗျားကို ပြောပြလိုက်တာပဲ။ သူက အသင်းကို ချန်ပီယံအဖြစ် ပြောင်းလဲပေးချင်တယ်။ ခင်ဗျား သက်သေပြသထားပြီးသားနေရာကနေ တစ်နေရာကို သွားရင် ကြီးမားတဲ့ ကွဲပြားခြားနားမှုတွေ ရှိမှာပါ။ အဲဒါက စိတ်ဝင်စားစရာပဲ။ လူတော်တော်များများက သူ့ကို ဝေဖန်ခဲ့တယ်။ သူက ဂိုးတွေ လုံလောက်အောင် မသွင်းနိုင်ခဲ့ဘူးတဲ့။ ဘာပဲဖြစ်ဖြစ်ပါ။ ဒါပေမယ့် ဒီကလန်က သူကစားခဲ့တဲ့အသင်းမှာ အံ့အားသင့်စရာအလုပ်ကို လုပ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ခံစစ်ပိုင်းပိုကစားပြီး ဘောလုံးပိုင်ဆိုင်မှု များများစားစား မရှိခဲ့လို့ပါ။ အဲဒါက သူ့အတွက် ပင်နယ်တီဧရိယာထဲကို ဝင်ဖို့ ခက်ခဲစေခဲ့ပါတယ်။ ဒီကလန်က ခင်ဗျား ကစားစေချင်တဲ့ ဘယ်နေရာမှာမဆို ကစားပေးနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူက အံ့အားသင့်စရာ ခေါ်ယူမှုပဲလို့ ထင်တယ်”

အိုဝင် ဟားဂရိဗ်စ်က ဆက်လက်ပြီး ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကို အာဆင်နယ်ကြယ်ပွင့်ဟောင်း မီဆွတ် အိုဇေးလ်နဲ့ နှိုင်းယှဉ်ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ဂျာမန်ကြယ်ပွင့်ကြောင့် နေရာ ၃ နေရာက ကစားသမားတွေကို အနားပေးနိုင်စေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် ခိုင် ဟာဗတ်ဇ်ကိုလည်း နှစ်သက်တယ်။ သူ့မှာ အရည်အချင်းတွေ အများကြီးရှိတယ်လို့ ထင်တယ်။ သူ့ရဲ့ ကိုယ်ဟန်အမူအရာက မီဆွတ် အိုဇေးလ်နဲ့ နည်းနည်းတူတယ်။ သူက နားလည်မှုလွဲမှားခဲ့တာပါ။ သူက ကွင်းလယ်မှာ ကစားနိုင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့ အာဆင်နယ်အသင်းကွင်းလယ်မှာ ကျိန်းသေပေါက် ကစားနိုင်ပါတယ်။ သူ ဘာမှ စိတ်ညစ်စရာမရှိပါဘူး။ သူလုပ်ရမှာက ဘောလုံး လက်ခံရယူပြီးတော့ နောက်ပြန်လှည့်ပြီး ပေးပို့ရမယ့်နေရာကို ကြည့်နေရုံပဲ။ သူက ဆာကာ၊ အော်ဒီဂွါဒ်နဲ့ ဂျေးဇုတို့ကို အနားပေးနိုင်မယ့် အခွင့်အရေးကိုလည်း ပေးနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ သူက အဲဒီနေရာ ၃ ခုစလုံးမှာ ကစားနိုင်တယ်။ အဲဒီအပြင် သူက နောက်လည်းနည်းနည်းဆင်းကစားနိုင်တယ်။ နောက်နည်းနည်းဆင်းကစားဖို့က အခက်ခဲဆုံးလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းက ငြင်းချက်ထုတ်လို့မရနိုင်ဘူးလို့ ထင်တယ်။ သူက အရပ် ၆ ပေ ၂ လက်ရှိတာလား(အမှန်က ၆ ပေ ၃ လက်မ)။ သူက ခေါင်းတိုက်ကောင်းတယ်။ သူ အများကြီး လုပ်နိုင်တယ်။ ချဲလ်ဆီးနဲ့ ပြဿနာရှိခဲ့တာက သင်္ဘောမှောက်တဲ့အချိန်မှာ မှောက်နေတဲ့ သင်္ဘောအောက်ထဲမှာ အကုန်ဝင်သွားတာလို့ ထင်တယ်။ ခင်ဗျား အဲဒီလိုအခြေအနေမှာ ဘယ်သူ့ကိုမှ ဆုံးဖြတ်လို့မရနိုင်ဘဲ ခိုင်က ကြီးမားတဲ့နှစ်တစ်နှစ်ထဲကို ရောက်နေပြီလို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet