အမ်းမရိတ်စ်ကို လာချင်နေတဲ့ တင်းဘားရဲ့နေရာမှာ အစားထိုးခေါ်ယူမယ့် ကစားသမား
အာဆင်နယ်ဟာ ယူရီယန် တင်းဘားရဲ့ ကာလရှည် အနားယူရမယ့် ဒဏ်ရာကို ဆောက်သမ်တန်နောက်ခံလူ ကိုင်လီ ဝေါ်ကာ-ပီတာစ်ကို ခေါ်ယူပြီး တုံ့ပြန်နိုင်ပြီး ဆောက်သမ်တန်ကြယ်ပွင့်ဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်နေပေမယ့်လည်း သတင်းထောက် ဘန် ဂျေကော့ဘ်က ဒီအပြောင်းအရွှေ့ဖြစ်နိုင်ဖို့ အခြေအနေတစ်ခုတော့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
တင်းဘားဟာ ပြီးခဲ့တဲ့လကမှ အိုင်းယက်ကနေ ပေါင် ၃၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အာတီတာဟာ ဒတ်ချ်နောက်ခံကစားသမား ဒဏ်ရာရရှိသွားတာကြောင့် နောက်ထပ် အစီအစဉ်တစ်ခုကို ဆွဲရတော့မှာ ဖြစ်ပါတယ်။
Express ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ စက်တင်ဘာလ ၁ ရက်နေ့မတိုင်ခင် စျေးသက်သာပြီး အကျိုးသက်ရောက်မှုရှိတဲ့ နောက်ခံကစားသမား ခေါ်ယူချင်တယ်ဆိုရင် ဆောက်သမ်တန်ကြယ်ပွင့် ဝေါ်ကာ-ပီတာစ်ကို ခေါ်ယူသွားနိုင်တယ်လို့ သိရပါတယ်။
ဂန်းနားတွေရဲ့ ကင်းထောက်တွေဟာ အရင်တုန်းက အသက် ၂၆ နှစ်အရွယ် ကစားသမားကို ကင်းထောက်ခဲ့ဖူးပြီး ဝေါ်ကာ-ပီတာစ်ဟာ ဆောက်သမ်တန်နဲ့ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရပြီးနောက် ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်နေတာကြောင့်စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဆောက်သမ်တန်နဲ့ ဝေါ်ကာ ပီတာစ်တို့ ချုပ်ဆိုထားတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၅ သောင်းနဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်နွေရာသီအထိ သက်တမ်းကျန်ရှိနေသေးတာကြောင့် ချန်ပီယံရှစ်အသင်းက ဆွေးနွေးညှိနှိုင်းရာမှာ အားကောင်းတဲ့အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။
ဝေါ်ကာ ပီတာစ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က တော့တင်ဟမ်ဟော့စပါးကနေ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်လည်း Daily Express သတင်းထောက် ရိုင်ယန် တေလာက မကြာသေးမီက ဝေါ်ကာ ပီတာစ်အနေနဲ့ နွေရာသီစျေးကွက်မပိတ်ခင် ဆောက်သမ်တန်ကို စွန့်ခွာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
တင်းဘားဟာ ပြီးခဲ့တဲ့အပတ်က နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ရာမှာ ဒူးအရွတ်အရှေ့ပိုင်းစုတ်ပြဲဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် ကာလရှည် အနားယူရတော့မှာဖြစ်ပြီး ဝေါ်ကာ ပီတာစ်အတွက် အာဆင်နယ်နဲ့အတူ လန်ဒန်မှာ ပြန်လည်အခြေချဖို့အတွက် လမ်းပွင့်လာခဲ့တာဖြစ်ပေမယ့်လည်း အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့အတွက် ပွဲကစားချိန် အာမခံချက်ကို အာတီတာက ပေးဖို့ လိုအပ်လိမ့်မယ်လို့ ဘန် ဂျေကော့ဘ်က ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News