ဘုန်းမောက်နဲ့ပွဲက ထရောဆာဒ်ရဲ့ ဒဏ်ရာအခြေအနေ သိရပြီ mgsaw

ဘုန်းမောက်နဲ့ပွဲက ထရောဆာဒ်ရဲ့ ဒဏ်ရာအခြေအနေ သိရပြီ

ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရခဲ့တဲ့ ဘယ်လ်ဂျီယံသားဟာ မကြာမီမှာပဲ မြက်ခင်းစိမ်းထက် ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ထရောဆာဒ်ရဲ့ ဒဏ်ရာအခြေအနေ မပြင်းထန်ဘူးလို့ အပြည့်အဝ ယုံကြည်နေပြီး ရက်သတ္တပတ် (၂) ပတ်အတွင်းမှာ ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

ခန့်မှန်းခြေအားဖြင့် နိုင်ငံတကာပွဲရက်တွေမတိုင်မီမှာပဲ အသက် (၂၈) နှစ်သားကို ပြန်လည်မြင်တွေ့ရမှာဖြစ်တာကြောင့် တိုက်စစ်ပိုင်းအတွက်တော့ သတင်းကောင်းတရပ် ဖြစ်လာခဲ့ပါတယ်။

ဇန်နဝါရီလမှာ ပေါင် (၂၇) သန်းနဲ့ အမ်းမရိတ်မြေဆီ ရောက်ရှိလာခဲ့တဲ့ ထရောဆာဒ်ဟာ အချိန်တိုအတွင်းမှာ နည်းပြ အာတေတာအတွက် အားကိုးရတဲ့ ကစားသမား ဖြစ်လာပြီး တိုက်စစ်ပိုင်းမှာ နေရာစုံကစားကာ ခြေစွမ်းပြသနေတာပါ။

ကြာသပတေးနေ့မှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ကိုတော့ သေချာပေါက်လွဲချော်‌သွားမှာဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဒီကာလတိုအတွက် တိုက်စစ်ပိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရဖွယ် ရှိနေပါတယ်။

ခြေကျင်းဝတ်ဒဏ်ရာရနေတဲ့ အန်ကီးတီးယားကလည်း ပြန်မကစားနိုင်သေးချိန်မှာ စပို့တင်းလစ္စဘွန်းပွဲမှာ စမစ်ရိုးလ်နဲ့ ရီးစ် နယ်လ်ဆင်တို့ အခွင့်အရေးဆက်ရဖို့ များနေပါတယ်။

ဟေးအန့်ကြယ်ပွင့်တွေအတွက် အစွမ်းပြဖို့ အခွင့်အရေး လက်ဝယ်ရောက်ရှိလာတာဖြစ်ပြီး နည်းပြ အာတေတာနဲ့ ဂန်းနားတို့အတွက် ဘယ်လောက်အထိ အားကိုးသွားရမလဲဆိုတာကို စောင့်ကြည့်ဖို့ ရင်ခုန်ချင်စရာလည်း ကောင်းလာပါတယ်။

Ref : Standard Sport