ဘရာဇီးလ်ပါရမီရှင်ကစားသမားအတွက် ဆွေးနွေးနေတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
-အာဆင်နယ်နောက်ခံကစားသမားတွေထဲက တစ်ဦးဟာ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးရက်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းကို ပြောင်းရွှေ့သွားနိုင်တယ်လို့ ဂျာနယ်လစ် ပေါလ် ဘရောင်းက ပြောကြားခဲ့ပြီး အာတီတာနဲ့ အီဒူးတို့ဟာ ဖောင်းပွနေတဲ့ လူစာရင်းကို ချုံ့ပစ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ နီကိုလာ ပေပေ၊ ဘာလိုဂန်၊ လိုကွန်ဂါ၊ ထရပ်စတီ၊ ဆီးဒရစ်၊ ဟိုးဒင်း၊ တာဗာရက်စ်နဲ့ ရန်းနားဆင်တို့ဟာ နွေရာသီစျေးကွက်မပိတ်ခင် ရောင်းထုတ်ခံရနိုင်တယ်ပြီး အာဆင်နယ်က ပေပေကို ဝယ်မယ့်အသင်းပေါ်မလာရင် စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘရောင်းက ဟိုးဒင်းကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေက စိတ်ဝင်စားနေတယ်လို့ ယုံကြည်နေပေမယ့်လည်း ထိပ်တန်းပစ်မှတ်အဖြစ် မသတ်မှတ်သေးတာကြောင့်သာအပြောင်းအရွှေ့မဖြစ်သေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဂနး်နားနောက်ခံလူအနေနဲ့ အသင်းက ထွက်ခွာမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာပဲ ဆက်နေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်အသင်းဟာ ဂရီမီယိုကြယ်ပွင့် ဘီတယ်လိုကို ခေါ်ယူဖို့အတွက် ဆက်လက် လုပ်ဆောင်နေပြီး ပြိုင်ဘက်အသင်းတွေက စိတ်ဝင်စားနေပေမယ့်လည်း အရခေါ်ယူနိုင်မယ့် ယုံကြည်ချက်ရှိနေတယ်လို့ 90min ကို သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဂရီမီယို ပထမအသင်းအတွက် ၂ နှစ်သာကစားပေးထားရသေးသူဖြစ်ပေမယ့်လည်း ဥရောပတလွှားက ကလပ်အသင်းတွေဆီကနေ စိတ်ဝင်စားမှု ရရှိထားတာဖြစ်ပြီး အာဆင်နယ်အသင်းကိုယ်စားလှယ်တွေဟာ တောင်အမေရိကကို အပြောင်းအရွှေ့အတွက် ဆွေးနွေးဖို့ စေလွှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဂရီမီယိုအသင်းက ဘီတယ်လိုအတွက် ယူရို ၁၀ သန်း တောင်းဆိုထားတယ်လို့ ယုံကြည်ရပြီး အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
-ဘွန်ဒက်စ်လီဂါကလပ်အသင်းတွေဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့မွန်ချင်ဂလတ်ဘတ်တို့ဟာ ယခုနွေရာသီမှာ ချာလီ ပါတီနိုကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းကို ဆက်သွယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲထားတဲ့ အာဆင်နယ်ဟာ လက်ရှိမှာတော့ ကစားသမားရောင်းချဖို့ကို အာရုံစိုက်နေပြီး ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖွယ်ရှိတဲ့ ကစားသမားတွေထဲက တစ်ဦးကတော့ အကယ်ဒမီထွက် ချာလီ ပါတီနိုဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပထမအသင်း ပုံမှန်ပွဲထွက်ကစားချိန်ရရှိနိုင်မယ့်အသင်းကို ရှာဖွေနေတာဖြစ်ပါတယ်။ လူတန်တောင်း၊ ရှက်ဖီးယူနိုက်တက်နဲ့ ဘုန်းမောက်တို့အားလုံးကလည်း အာဆင်နယ်ကို ဆက်သွယ်ခဲ့ပြီး အင်္ဂလန်ကလပ်အသင်းတွေက အငှားနဲ့သာ ခေါ်ယူချင်နေတာဖြစ်ပေမယ့်လည်း ချာလီ ပါတီနိုက အမ်းမရိတ်စ်ကနေ အပြီးထွက်ချင်နေတာကြောင့် လိုက်ပ်ဇစ်နဲ့ မွန်ချင်ဂလတ်ဘတ်တို့က စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။
-Sky Sports ဘောလုံးဝေဖန်သုံးသပ်သူတွေဖြစ်တဲ့ ဂယ်ရီ နဗီးနဲ့ ဂျေမီ ကာရေဂါတို့က လာမယ့်ရာသီမတိုင်ခင် ပရီးမီးယားလိဂ်ဆုဖလားအတွက် ဟောကိန်းထုတ်ရာမှာ မန်စီးတီးကပဲ ချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်လိမ့်မယ်လို့ တစ်ကြိုပေးခဲ့ကြပါတယ်။ နဗီးနဲ့ ကာရေဂါတို့က ၎င်းတို့ရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့က လာမယ့်ရာသီမှာတော့ ထိပ်ဆုံး ၄ နေရာအတွင်းမှာပဲ ရာသီပြီးဆုံးနိုင်ဖို့ မျှော်လင့်နိုင်လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပြီး စီးတီးကိုတော့ ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂယ်ရီ နဗီးက မန်ယူနိုက်တက်ဟာ အသင်းပိုင်ရှင်သစ် ရောက်လာပြီး ပေါင်သန်း ၂၅၀၊ ၃၀၀ လောက်သုံးစွဲနိုင်မယ်ဆိုရင် အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့ရာသီက ရပ်တည်မှုဖြစ်တဲ့ အဆင့် ၂ နေရာကို ရယူနိင်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး ကာရေဂါကလည်း လီဗာပူးလ်က ပြီးခဲ့တဲ့ရာသီမှာ အရမ်းအခြေအနေဆိုးခဲ့ပြီးနောက် ကလော့ပ်က အရာအားလုံးက မှန်ကန်အောင် လုပ်ဆောင်သွားဖို့ စိတ်အားထက်သန်နေမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
-အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာစီးတီးကို ကျော်နိုင်မယ့်အသင်း မမြင်မိဘူးလို့ ပြောကြားခဲ့ပြီး အာဆင်နယ်က မန်ချက်စတာစီးတီးနဲ့ နီးစပ်လာပြီလို့ ပြောဆိုခဲ့ပါတယ်။
“ကျွန်တော် ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးကို ကျော်ပြီး ဘယ်သူ့ကိုမှ မမြင်ပါဘူး။ ဂန်ဒိုဝမ် ထွက်သွားပြီ။ ကိုင်လီ ဝေါ်ကာလည်း ထွက်ဖို့ လုပ်နေတယ်။ သူတို့အတွက် ဒီရာသီက ခက်ခဲမှာပါ။ အာဆင်နယ်က သူတို့ကို စိန်ခေါ်မှုပေးနိုင်မှာဖြစ်ပေမယ့် စီးတီး အရန်လူစာရင်းက အရမ်းတောင့်တယ်။ ဒီကလန် ရိုက်က အာဆင်နယ်ကစားပုံနဲ့အသားကျဖို့ လိုပါတယ်။ သူတို့တွေက သူ ဝက်စ်ဟမ်းနဲ့ အင်္ဂလန်မှာ ကစားခဲ့တုန်းကထက် ဘောလုံးကို အများကြီး ပိုမြန်မြန် ရွေ့လျားကြပါတယ်။ အာဆင်နယ်က မန်စီးတီးနဲ့ နီးစပ်လာနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်က အခုအချိန်မှာတော့ စိန်ခေါ်နိုင်ဦးမယ်လို့တော့ မထင်ဘူး။ မန်ချက်စတာယူနိုက်တက်ကတော့ ဟာရီ ကိန်းကို ရမရပေါ်မူတည်တယ်။ သူတို့တွေ ခေါ်နိုင်ရင် ပရီးမီးယားလိဂ်ဖလားအတွက် ကြီးမားတဲ့စိန်ခေါ်သူတွေဖြစ်လာနိုင်တယ်။ မရရင်တော့ ထိပ်ဆုံး ၄နေရာအတွက်ပဲ တိုက်ပွဲဝင်ရဦးမှာပဲ။ ချဲလ်ဆီးကတော့ ထိပ်ဆုံး ၄ နေရာဝင်ဦးမယ်မထင်ဘူး။ အခုအချိန်မှာ လုပ်စရာအလုပ်တွေအများကြီး ရှိနေသေးတယ်။ သူတို့တွေ ကွင်းလယ်မရှိဘဲ ကြီးမားတဲ့လူစာရင်းရှိတယ်။ သူတို့တွေ ကိုဗာချစ်နဲ့ မေဆန် မောင့်တို့ကို ရောင်းထုတ်ခဲ့တယ်။ သူတို့လူစာရင်းက အရမ်းကို ဟန်ချက်မညီဖြစ်နေတယ်။ အခုအချိန်မှာ စီးတီးကို ဖလားမရအောင် တားဆီးနိုင်တာဆိုလို့ သူတို့ ပေါ့လျော့မှုပဲ ဖြစ်လိမ့်မယ်။ သူတို့တွေက အကောင်းဆုံးလူစာရင်းရှိနေပြီး သူတို့ရဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်သင့်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News