ဆာကာရဲ့ အမိုက်စားကန်ချက်နဲ့ ဆုဖလားစိန်ခေါ်မှုစတင်ခဲ့တဲ့ ဆင်ပျံကြီးရဲ့ပွဲက ပြန်ပြောစရာအချက်များ
အာဆင်နယ်အသင်းဟာ စနေနေ့ညနေ အမ်းမရိတ်စ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဘူကာယို ဆာကာရဲ့ အလွန်ကောင်းမွန်တဲ့ ပထမပိုင်း ကန်ချက်က အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုကို အကူအညီပေးခဲ့ပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးက သောကြာနေ့ညမှာ ဘန်လေကို ၃-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က မြောက်လန်ဒန်မှာ ပရိသတ်တွေရှေ့မှောက် အနိုင် ၃ မှတ်ကို အရယူပြခဲ့တာ ဖြစ်ပါတယ်။
ဂန်းနားတွေအတွက် အန်ကီးတီးယားက မာတီနယ်လီရဲ့ အလွန်ကောင်းမွန်တဲ့ လှည့်ထွက်မှုကနေတဆင့် ရရှိလာတဲ့ဘောလုံးကို အသင်းဖော်ဟောင်း မတ် တန်နာ ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
၁။ အာတီတာအတွက် တွေးစရာတွေ ပေးခဲ့တဲ့ အက်ဒီ
ဂါဘရီယဲလ် ဂျေးဇုဟာ အာတီတာရဲ့ ဦးစားပေး ပွဲထွက်တိုက်စစ်မှူးဖြစ်ပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဂန်းနားနည်းပြဟာ အန်ကီးတီးယားကိုပဲ အားကိုးခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် အရန်ခုံကနေ ဝင်ကစားရရင် ပွဲအရှိန်ကို အလျင်မီဖို့ အမြဲတမ်း ရုန်းကန်ရပေမယ့် ပွဲထွက်ကစားရင်တော့ မှတ်တမ်းတွေက လေးစားစရာကောင်းခဲ့တာဖြစ်ပါတယ်။ အန်ကီးတီးယားရဲ့ နော်တင်ဟမ်နဲ့ပွဲက အဖွင့်ဂိုးဟာ မြောက်လန်ဒန်ကလပ်အတွက် ၁၈ ပွဲ ပွဲထွက်ပါဝင်ခဲ့ရာမှာ ၉ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ဂျေးဇု ပြန်လာရင် အာတီတာအတွက် တွေးစရာတွေဖြစ်လာမှာဖြစ်ပါတယ်။
၂။ အံ့အားသင့်ဖွယ် မပါဝင်ခဲ့တဲ့ ဂါဘရီယဲလ်
ဂါဘရီယဲလ်ဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၇၃ ပွဲဆက်တိုက် ပါဝင်ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပြီး နောက်ဆုံး ပါဝင်ကစားပေးခဲ့ခြင်းမရှိတဲ့ပွဲစဉ်က ၂၀၂၁ ခုနှစ်တုန်းက မန်စီးတီးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာဖြစ်ပါတယ်။ ဒါကြောင့် အာတီတာရဲ့ ပွဲထွက်လူစာရင်းထဲမှာ ဂါဘရီယဲလ် မပါဝင်မှုက အချက်ပေးသံဖြစ်ခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမား ပါတေးက ညာနောက်ခံနေရာကို ပြောင်းကစားခဲ့ရချိန်မှာ ဘန် ဝှိုက်က ဗဟိုခံစစ်ကို ပြောင်းကစားခဲ့တာဖြစ်ပါတယ်။ အာတီတာက ၎င်းရဲ့ ပွဲထွက်လူစာရင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရချိန်မှာ သတင်းထောက်တွေကို မတူညီတဲ့ပွဲစဉ်တွေအတွက် နည်းဗျူဟာအံဝင်အောင် လုပ်နေတာလို့ ပြောကြားပြီး သိရခက်တဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့ပေမယ့် ပွဲစချိန်မှာ စပိန်လူမျိုးနည်းပြရဲ့ ဆုံးဖြတ်ချက်က အဓိပ္ပာယ်ရှိတယ်ဆိုတာ သိခဲ့ရပါတယ်။
မှန်းထားတဲ့အတိုင်းပဲ ဖောရက်စ်က ခံစစ်ပုံစံနဲ့ ပွဲကို ချဉ်းကပ်လာခဲ့ပြီး အာဆင်နယ်က တိုက်စစ်နေရာမှာတွေမှာ ဘောလုံးပိုင်ဆိုင်မှု အများစုရရှိမှာဖြစ်တာကြောင့် အာတီတာက ခံစစ်ကစားသမား ၄ ဦးနဲ့ ကစားစရာမလိုအပ်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပါတေးက ညာနောက်ခံနေရာမှာ အစိမ်းမဟုတ်ဘဲ ပြီးခဲ့တဲ့ရာသီမှာ ၂ ကြိမ်အထိ ကစားခဲ့ဖူးပေမယ့် ဖောရက်စ်နဲ့ပွဲမှာတော့ လီဗာပူးလ်နောက်ခံလူ အာနိုးလိုပဲ ကွင်းလယ်ဗဟိုနေရာမှာ ပိုပြီးတော့ ကစားခဲ့ရတာဖြစ်ပါတယ်။ ဂန်းနားတွေအတွက် ကွင်းလယ်မှာ လူတစ်ယောက် အပိုရှိလာတာက ကွဲပြားခြားနားမှုကို ဖြစ်စေခဲ့ပြီး အာဆင်နယ်က ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၈၄ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့သလို စတိဗ် ကူးပါးရဲ့အသင်းကို တရစပ်တိုက်စစ်ဆင်မှုတွေနဲ့ အမောဆို့စေခဲ့တာဖြစ်ပါတယ်။
၃။ ပွဲဦးထွက်မှာ ဒဏ်ရာရခဲ့တဲ့ တင်းဘား
ဒီကလန် ရိုက်၊ တင်းဘား၊ ဟာဗတ်ဇ်တို့အားလုံးဟာ စနေနေ့ပွဲစဉ်မှာ အာဆင်နယ်ကစားသမားတွေအဖြစ် ပရီးမီးယားလိဂ်ပွဲဦးထွက်ခွင့်ရခဲ့ပြီး မတူညီတဲ့ ရလဒ်တွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ သူ့ကို လုပ်စေချင်လို့ ခေါ်ခဲ့တဲ့အရာကို လုပ်ပြနိုင်ခဲ့ပြီး ဖောရက်စ်ရဲ့ အခွင့်အရေးတွေကို ကန့်သတ်ပေးနိုင်ခဲ့ပေမယ့်လည်း များသောအားဖြင့် ပေးပို့မှုတွေက နောက်တန်းနဲ့ ဘေးဘက်ကို ဖြစ်နေခဲ့တာတစ်ခုပဲ ပြောစရာရှိပါတယ်။ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းဟာ ၁၅ မိနစ်လောက်မှာ အဝေးကန်ချက်နဲ့ ကံစမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီကလန် ရိုက်ရဲ့ ကန်ချက်က တိုင်ထိသွားခဲ့တာကြောင့် ဂိုးရရှိမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဟာဗတ်ဇ်ကလည်း အာဆင်နယ်မှာ ပုံမှန်ခြေစွမ်းရရှိဖို့ အချိန်လိုအပ်ဦးမှာဖြစ်ပေမယ့်လည်း ကျစ်လစ်တဲ့ပုံစံကို ပြသနိုင်ခဲ့ပြီး မာတင် အော်ဒီဂွါဒ်နဲ့အတူ အချိတ်အဆက်မိမိ ကစားခဲ့တာကို တွေ့ရပါတယ်။ တင်းဘားကလည်း ပထမပိုင်းမှာ အားကောင်းတဲ့ စတင်မှုကို ပြုလုပ်နိုင်ခဲ့ပေမယ့် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဒုတိယပိုင်း စတင်ပြီး ၅ မိနစ်အကြာမှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
၄။ ဂိုးသမားနှစ်ဦး ဇာတ်လမ်း
မတ် တန်နာဟာ အမ်းမရိတ်စ်ကို စွန့်ခွာပြီးနောက် သိပ်မကြာခင်မှာပဲ နော်တင်ဟမ်ဖောရက်စ်အတွက် ပထမဆုံး ကစားပေးတဲ့ပွဲမှာပဲ ဂန်းနားတွေနဲ့ ပြန်ဆုံခဲ့ပြီး အမေရိကန်ဂိုးသမားဟာ အသင်းဟောင်းရဲ့ တရစပ်တိုက်စစ်ဆင်မှုကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ကတော့ ဘရန့်တ်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကြောင့်နေရာပျောက်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စနိုးစနောင့်ဖြစ်ခဲ့မှာဖြစ်ပေမယ့်လည်း စနေနေ့ညနေက အင်္ဂလန်ဂိုးသမားရဲ့ လက်စွမ်းက ကောလာဟလတွေကြောင့် နည်းနည်းလေးမှ တုန်လှုပ်ခြင်းမရှိဘူးဆိုတာ ပြသခဲ့တာဖြစ်ပြီး ပေးဂိုးမရှိပွဲစဉ်မပိုင်ဆိုင်ခဲ့တာကြောင့်တော့ စိတ်ပျက်ခဲ့မှာဖြစ်ပါတယ်။
၅။ တန်ဟက်ကို နောင်တရစေခဲ့တဲ့ အီလန်ဂါ
အန်သိုနီ အီလန်ဂါဟာ မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က အိုးထရက်ဖို့ဒ်မှာ လူပိုလို့ သတ်မှတ်ခြင်းခံခဲ့ရပြီးနောက် နော်တင်ဟမ်ဖောရက်စ်ကို ရောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဆွီဒင်တောင်ပံကစားသမားဟာ အရန်ခုံကနေ ဝင်ကစားပေးခဲ့ပြီးနောက် ဖောရက်စ်ရဲ့ ချေပဂိုးကို ဘယ်တောင်ပံတကြောကနေ အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှုနဲ့ ဖန်တီးပေးခဲ့ပြီး တန်ဟက်ကို နောင်တရစေခဲ့တာဖြစ်ပါတယ်။
၆။ ဂန်းနားတွေအတွက် အရှက်ရစရာ စတင်မှုဖြစ်ခဲ့တဲ့ e-ticket စနစ်သစ်
အာဆင်နယ်ဟာ စနေနေ့ အမ်းမရိတ်စ်မှာ e-ticket စနစ်သစ်ကို စတင်ကျင့်သုံးခဲ့ပေမယ့်လည်း နည်းစနစ်ပိုင်း ချို့ယွင်းမှုကြောင့် ပရိသတ်ထောင်ပေါင်းများစွာ ကွင်းအပြင်ဘက်မှာ စောင့်ဆိုင်းခဲ့ရပြီးနောက် ဖုန်းထဲက လက်မှတ်ဝယ်ယူထားတဲ့ စလစ်ပြခိုင်းပြီးပဲ ဝင်ခိုင်းခဲ့ရတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review
- Team News