စာချုပ်သစ်မှာ လစာငွေ မြင့်မားစွာ ရယူချင်နေတဲ့ ဆာလီဘာ
အာဆင်နယ်အသင်းဟာ တိုက်စစ်ကြယ်ပွင့်လေး ဂါဘရီယဲလ် မာတင်နယ်လီကို မကြာသေးမီကမှ ကာလရှည်သက်တမ်းရှိ စာချုပ်သစ်တရပ် ချုပ်ဆိုခဲ့သလို နောက်ထပ်ကြယ်တပွင့်ဖြစ်တဲ့ ဘူကာရို ဆာကာကိုလည်း စာချုပ်သစ်ချုပ်ဆိုဖို့ရာ နှုတ်အားဖြင့် သဘောတူညီမှုရထားပြီး ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်နေတဲ့ ဗဟိုနောက်ခံကစားသမားလေး ဝီလီယံ ဆာလီဘာကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပြီး ကစားသမားဖြစ်သူ၊ အေးဂျင့်ဖြစ်သူတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ အပြုသဘောဆောင်နေပါတယ်။
ဒါကြောင့် ဂန်းနားတို့အနေနဲ့ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာ ယူနိုင်ပြီး အသင်းရဲ့ အရည်အသွေးမြင့်ကြယ်ပွင့်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိလာခဲ့ပြီလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း မာတင်နယ်လီ၊ ဆာကာတို့နဲ့ မတူဘဲ ဆာလီဘာနဲ့ ဆွေးနွေးမှုတွေမှာတော့ အာဆင်နယ်အနေနဲ့ သဘောတူညီမှုရယူနိုင်ဖို့ရာ အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိနေပါတယ်။
ပြင်သစ်သားလေးဟာ လန်ဒန်မြေမှာ ပျော်ရွှင်နေသလို အာဆင်နယ်အသင်းမှာလည်း ဆက်ကစားဖို့ ဆန္ဒရှိနေပေမယ့် လစာငွေ မြင့်မြင့်မားမား ရရှိမှသာ အာဆင်နယ်အသင်းရဲ့ စာချုပ်သစ်ကို လက်ခံချင်နေတာ ဖြစ်ကြောင်းပါ။ မာတင်နယ်လီနဲ့ ဆာကာတို့ကို တပတ်လုပ်ခ ပေါင် (၂) သိန်း ဝန်းကျင် အာဆင်နယ်အသင်း တိုးမြှင့်ပေးခဲ့သလိုမျိုး ဆာလီဘာကလည်း လိုချင်နေတာ ဖြစ်ပါတယ်။
အသက် (၂၁) နှစ်သားလေးဟာ ဒီရာသီ အာဆင်နယ်အသင်းရဲ့ အမြင့်ပျံခရီးစဉ်မှာ အားထားရတဲ့ အဓိက ကစားသမားတဦး ဖြစ်နေပြီး အာဆင်နယ်အသင်းမှာ တောက်ပနေတဲ့ အရည်အသွေးမြင့် ခြေစွမ်းတွေကြောင့် ဥရောပ ထိပ်တန်းကလပ်အသင်းအချို့ရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိနေသူ ဖြစ်ပါတယ်။
အထူးသဖြင့် ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းနဲ့ ဆာလီဘာတို့ရဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး အခွင့်အရေးရတာနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့ (၂၀၂၄) ခုနှစ်မှာ စာချုပ်ကုန်မယ့်သူဖြစ်တာကြောင့် ဂန်းနားတို့အနေနဲ့ စာချုပ်သစ်အတွက် အလျင်အမြန် သဘောတူညီမှုရဖို့ရာ အရေးကြီးနေပါတယ်။
ဒါပေမယ့် ကစားသမားဖြစ်သူက အမ်းမရိတ်မှာပဲ ဆက်ကစားလိုနေပြီး ဂန်းနားဘဝကို ကာလရှည် ဖြတ်သန်းချင်နေတာကတော့ သဘောတူညီမှု ရယူနိုင်ဖို့ရာ အခြေအနေကောင်းစေပြီး လစာငွေကိုတော့ ကစားသမားဘက်က လက်ခံနိုင်တဲ့ ပမာဏအထိ တိုးမြှင့်ပေးဖို့ လိုအပ်နေတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
Ref : Ben Jacobs (CBS Sport)
- Posted In:
- Team News