အာဆင်နယ်အတွက် သတင်းဆိုးဖြစ်လာတဲ့ ဆာလီဘာရဲ့ ဒဏ်ရာ အခြေအနေ mgsaw

အာဆင်နယ်အတွက် သတင်းဆိုးဖြစ်လာတဲ့ ဆာလီဘာရဲ့ ဒဏ်ရာ အခြေအနေ

ဂန်းနားတွေဟာ ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်တပွဲ ဖြစ်လာမယ့် ဒီတပတ် လီဗာပူးလ်အသင်းနဲ့ပွဲကို အဓိကနောက်ခံလူဖြစ်တဲ့ ဝီလီယံ ဆာလီဘာ မပါဘဲ ကစားသွားရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပြင်သစ်သားလေးဟာ နိုင်ငံတကာပွဲရက်တွေမတိုင်မီ စပို့တင်းလစ္စဘွန်းအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် (၁၆) သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ နောက်ကျောဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ရက်သတ္တပတ် (၂) ပတ်ခန့် ကျော်လွန်လာခဲ့ပေမယ့် အခုထက်ထိ သက်သာလာခြင်း မရှိသေးပါဘူး။

အဲဒီအတွက် ပြီးခဲ့တဲ့တပတ်က လိဒ်ယူနိုက်တက်အသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ နည်းပြ အာတေတာကတော့ အသက် (၂၂) နှစ်သားလေးရဲ့ ဒဏ်ရာဟာ ခွဲစိတ်ကုသမှု ခံယူစရာ မလိုဘူးလို့ အတည်ပြုထားပေမယ့် လီဗာပူးလ်ပွဲမတိုင်မီ ဒီတပတ် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ မပါဝင်နိုင်သေးတာကြောင့် ပွဲစဉ်တွေ ဆက်လက်လွဲချော်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဒါဟာ အာဆင်နယ်အသင်းအတွက်တော့ သတင်းဆိုးတရပ်ဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာ ဆာလီဘာနေရာကို ဝင်ဖြည့်ကစားပေးနေတဲ့ ဝါရင့်နောက်ခံလူ ရော့ဘ် ဟိုးဒင်းအနေနဲ့ ပွဲကြီးတွေမှာလည်း ပုံစံကောင်းတွေ ဆက်လက်ပြသနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အန်းဖီးလ်မှာ နိုင်ပွဲမရတော့တာဟာ (၂၀၁၂) ခုနှစ် စက်တင်ဘာလကတည်းက ဖြစ်တာကြောင့် ချန်ပီယံဆုအတွက် ရှေ့ဆက်နိုင်ဖို့ရာ ဒီတပတ်မှာ အကြီးမားဆုံးသာ အခက်အခဲကို အကောင်းဆုံး ကျော်ဖြတ်ရဖို့ ရှိနေပါတော့တယ်။

ဗဟိုခံစစ်မှာ ဟိုးဒင်းနဲ့ ဂါဘရီယဲလ်တို့အတွဲပဲ ပွဲထွက်လာဖို့များပြီး အခြားတဖက်မှာတော့ တိုက်စစ်မှူးလေး အန်ကီးတီးယားတယောက် ပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် တိုက်စစ်ပိုင်းက ရွေးချယ်စရာများနေလို့ သိပ်မပူရတဲ့ အနေအထားပါ။

နည်းပြ အာတေတာကတော့ ဆာလီဘာဟာ အာဆင်နယ်အသင်းအတွက် မကြာမီမှာ ပြန်ကစားပေးနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေဆဲဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေအနေနဲ့ အခြေအနေကို တိတိကျကျ သိရနိုင်ပါတယ်။

Ref : The Sun