ဝက်စ်ဟမ်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ဇင်ချင်ကိုရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ
ဘယ်နောက်ခံကစားသမား အလက်ဇန်းဒါး ဇင်ချင်ကိုဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့တပတ်က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့်လည်း သောကြာနေ့မှာ ဆောက်ဟမ်တန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။
အသက် (၂၆) နှစ်သားဟာ ပေါင်ခြံဒဏ်ရာကြောင့် ဝက်စ်ဟမ်းပွဲကို လွဲချော်ခဲ့ရတာဖြစ်ပြီး ဒဏ်ရာ အခြေအနေဟာ သိပ်ပြင်းထန်ခြင်း မရှိတဲ့အတွက် ဆောက်ဟမ်တန်ပွဲအမီ သက်သာလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယူကရိန်သား မပါဝင်နိုင်မှုဟာ အာဆင်နယ်အသင်းအတွက် ထိခိုက်မှုတရပ် ဖြစ်စေခဲ့ပြီး အဝေးကွင်းပွဲစဉ်မှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ကီရင် တီယာနေးက တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် အစားထိုး ဝင်ကစားနိုင်ခဲ့သလို အာဆင်နယ်အသင်းအနေနဲ့ ပထမပိုင်း အစောပိုင်းမိနစ်တွေမှာတင် (၂) ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာတော့ ကစားကွက် အချိတ်အဆက်တွေဟာ ဇင်ချင်ကို ပါဝင်တဲ့ ပွဲစဉ်တွေကို အားမကောင်းခဲ့တာကြောင့် ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရကာ (၂) ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
တောင်ပံတိုက်စစ်ကစားသမားလေး ဘူကာရို ဆာကာ ပယ်နယ်တီ လွဲချော်ခဲ့မှုကလည်း ရလဒ်ပိုင်းအပေါ် သက်ရောက်စေခဲ့တာ မှန်ပေမယ့် အာဆင်နယ်အသင်းအနေနဲ့ နည်းမှန်ကမ်းမှန်အတိုင်းဆိုရင် ပထမပိုင်းကတည်းက ပွဲကို ဖြတ်သင့်နိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ နည်းပြ အာတေတာနဲ့ ဂန်းနားတွေဟာ ဆောက်ဟမ်တန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့်ပွဲစဉ်မှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ပဲ အာရုံစိုက်နေပါတယ်။
မန်စီးတီးအသင်းထက် တပွဲပိုကစားထားပြီး (၄) မှတ်သာ ကွာဟတော့တဲ့ အနေအထားကြောင့် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားကို အရယူချင်တယ်ဆိုရင် လက်ကျန်ပွဲစဉ်တွေကို အမှားခံလို့မရတော့ဘဲ ဆောက်ဟမ်တန်အသင်းနဲ့ပွဲကနေ စတင်ကာ အရှိန်ပြန်လည်မြှင့်တင်သွားမှာ ရတော့မှာ ဖြစ်ပါတယ်။
ဆောက်ဟမ်တန်ပွဲပြီးရင် မန်စီးတီးအသင်းနဲ့ အရေးပါဆုံး ပွဲစဉ်တပွဲကို ရင်ဆိုင်ရမှာဖြစ်တာကြောင့် အာဆင်နယ်အတွက် စိန်ခေါ်မှုကာလတွေကို ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်မလဲဆိုတာ ပြသရမယ့်အချိန်လည်း ရောက်ရှိလို့လာခဲ့ပြီဖြစ်တယ်လို့ပဲ ပြောရမှာပါ။ ဒီအချိန်မှာ ဇင်ချင်ကို ပြန်လည်ပါဝင်လာနိုင်မှုက နည်းပြ အာတေတာအတွက်တော့ သတင်းကောင်းတရပ် ဖြစ်လာစေပါတယ်။
အခြားတဖက်မှာတော့ ဗဟိုနောက်ခံကစားသမား ဝီလီယံ ဆာလီဘာကိုလည်း မကြာမီမှာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မယ်လို့ အာဆင်နယ်အသင်း မျှော်လင့်ထားကြောင်း သိရပါတယ်။ ဆာလီဘာဟာ နောက်ကျောဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဟာ ကာလတခု ကြာရှည်နေပြီဖြစ်ပြီး မန်စီးတီးအသင်းနဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ Standard သတင်းဌာနက ဖော်ပြထားပါတယ်။
Ref : Daily Mail, Standard
- Posted In:
- Team News