ဂန်းနားကြယ်ပွင့်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စဉ်းစားခဲ့တဲ့ တန်ဟက် 1024 504 coyg

ဂန်းနားကြယ်ပွင့်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စဉ်းစားခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အတ္တလန္တာတိုက်စစ်မှူး ရာ့စ်မွတ် ဟိုရီလွန်းကို ခေါ်ယူဖို့ အာရုံမစိုက်မီမှာ အာဆင်နယ်လူငယ်ကြယ်ပွင့်ကို အံ့အားသင့်ဖွယ်ခေါ်ယူသွားဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ဟာ ယခုနွေရာသီမှာ တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ဒိန်းမတ်တိုက်စစ်မှူးကို အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဟိုရီလွန်းအတွက် ပေါင်သန်း ၆၀ ပေးချေသွားလိုတဲ့ဆန္ဒရှိနေပေမယ့်လည်း အတ္တလန္တာအသင်းက ပေါင်သန်း ၈၀ ကျော် တောင်းဆိုထားတာဖြစ်ပါတယ်။

တန်ဟက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာသွားခဲ့ပြီးနောက် ဘန်လေတိုက်စစ်မှူး ဗက်ဟော့စ်ကို အငှားနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပြီး မန်ယူနိုက်တက်ဟာ စပါးစ်တိုက်စစ်မှူး ဟာရီ ကိန်းကို ယခုနွေရာသီအစမှာ စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းခဲ့ပေမယ့်လည်း လီဗိုင်းက ပြည်တွင်းပြိုင်ဘက်တွေကို မရောင်းချင်တာကြောင့် တပ်ခေါက်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ အတ္တလန္တာတိုက်စစ်မှူး ဟိုရီလွန်းကိုပဲ ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ အသက် ၂၀ အရွယ် ဒိန်းမတ်တိုက်စစ်မှူးကို အိုးထရက်ဖို့ဒ်မှာ မြင်တွေ့ရဖွယ်ရှိပေမယ့်လည်း The Independent ရဲ့ ဖော်ပြချက်အရ ဂန်းနားတိုက်စစ်မှူး ဘာလိုဂန်ဟာ တန်ဟက်အတွက် နွေရာသီအစောပိုင်းမှာ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဘာလိုဂန်ဟာ ယခုနွေရာသီမှာ အာဆင်နယ်ကို စွန့်ခွာမယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ရင်းမ်စ်အသင်းမှာ အငှားကစားသမားအဖြစ် ၃၉ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူခဲ့တာကြောင့် ခေါ်ယူချင်တဲ့အသင်းတွေ ရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ယူအက်စ်အေတိုက်စစ်မှူးကို စိတ်ဝင်စားခဲ့ပေမယ့်လည်း အာဆင်နယ်နဲ့ အဆင်မပြေလောက်ဘူးလို့ ယုံကြည်တာကြောင့် ဟိုရီလွန်းကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ ဘာလိုဂန်ကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ တန်းစီနေတဲ့အသင်းဖြစ်ပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာက မကြာသေးမီက ရာသီကြိုခြေစမ်းပွဲအပြီးမှာ အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့ အစွမ်းအစကို ကြည့်ချင်တဲ့သဘောမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူက မယုံနိုင်စရာကောင်းလောက်အောင် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ အခု ကျွန်တော်တို့ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို တွေးရမှာပါ။ ကျွန်တော်တို့ သူ့ကို မြင်တွေ့ချင်တယ်။ ကျွန်တော်တို့ သူ့ကို လာမယ့်ပွဲစဉ်အနည်းငယ်အတွင်းမှာ သုံးချင်တယ်။ သူက နုရင်ဘတ်နဲ့ ပွဲမှာ နောက်ဆုံးကစားခဲ့ပြီး သူ လာမယ့်ပွဲစဉ်အနည်းငယ်မှာ ကစားသွားမှာပါ။ ပြီးမှပဲ ကျွန်တော်တို့ အကောင်းဆုံး ဆုံးဖြတ်ချက် ချမှတ်သွားမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet