အာဆင်နယ်ကို အခက်တွေ့စေမယ်လို့ ကြုံးဝါးလိုက်တဲ့ ဖူလ်ဟမ်နည်းပြ
ဖူလ်ဟမ်အသင်းနည်းပြ မာကို ဆေးဗားလ်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အခက်တွေ့အောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
ချန်ပီယံရည်မှန်းချက်အတွက် လျှောက်လှမ်းနေပြီဖြစ်တဲ့ ဂန်းနားတို့ဟာ ဒီတပတ်မှာတော့ လန်ဒန်ကလပ်အသင်းတသင်းဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
ပထမပွဲစဉ် အိမ်ကွင်း အမ်းမရိတ်မှာ ရင်ဆိုင်ကစားခဲ့စဉ်တုန်းကလည်း မာကို ဆေးဗားလ်ရဲ့အသင်းကို ဂန်းနားတို့ ခက်ခက်ခဲခဲ ကစားခဲ့ရတာကြောင့် အပြည့်အဝ အာရုံစိုက်နိုင်မှသာ ရလဒ်ကောင်းနိုင်မှာပါ။
ဒုတိယနေရာက မန်စီးတီးအသင်းနဲ့ (၅) မှတ်ကွာ အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ဂန်းနားတို့အနေနဲ့ မဖြစ်မနေ နိုင်ပွဲရယူနိုင်ဖို့လည်း လိုအပ်နေပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်းဖြစ်ပြီး သူတို့အသင်းအတွက် စိန်ခေါ်မှုကောင်းတရပ်ဖြစ်တယ်လို့လည်း မာကိုဆေးဗားလ်က ဆိုပါတယ်။
” ဒီနိုင်ငံရဲ့ အကောင်းဆုံးအသင်းတွေထဲတသင်းနဲ့ ကျွန်တော်တို့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ခက်ခဲတဲ့ပွဲတပွဲ ဖြစ်မှာ သေချာနေပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ကလည်း အာဆင်နယ်ကို အခက်တွေ့အောင် ကြိုးစားသွားမှာပါ။ ”
” ပထမပွဲတုန်းကလည်း ကျွန်တော်တို့ ပွဲကောင်းတပွဲ ကစားနိုင်ခဲ့တယ်။ သူတို့က နောက်ဆုံးမိနစ်မှာ ထောင့်ကန်ဘောကနေ ဂိုးရသွားလို့သာ။ ကျွန်တော်တို့ ကိုယ့်ကစားဟန်အတိုင်း ယုံကြည်မှုရှိစွာ ကစားနိုင်ရပါမယ်။ ” လို့ မာကို ဆေးဗားလ်က ပြောကြားခဲ့ပါတယ်။
Ref : Fulham Official Website
- Posted In:
- Rivals' Talk