စည်းမျဉ်းသစ်အတွက် အာတီတာကို နဗီးက အပြစ်တင်ပြီး အဆင်းဘီးတပ်ပေးတဲ့ ကာရေဂါ 1024 504 coyg

စည်းမျဉ်းသစ်အတွက် အာတီတာကို နဗီးက အပြစ်တင်ပြီး အဆင်းဘီးတပ်ပေးတဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက ကွန်မြူနတီဒိုင်းလုပွဲက အာတီတာရဲ့ ကွင်းဘေးစည်းက အပြုအမူကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဂယ်ရီ နဗီးက အာဆင်နယ်နည်းပြရဲ့ အပြုအမူက ဒီရာသီ စည်းမျဉ်းသစ်က နည်းပြတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာ တိုက်ရိုက်ရလဒ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြဟာ ကွင်းဘေးစည်းကနေ အမြဲတမ်း အော်ဟစ်တက်ကြွနေတတ်သူဖြစ်ပြီး တနင်္ဂနွေနေ့က ဝင်ဘလေမှာ ကစားခဲ့တဲ့ပွဲစဉ် ၁၈ မိနစ်မှာပဲ မန်စီးတီးကစားသမား အဝါကတ်ပြား ပြသခြင်းမခံခဲ့ရတဲ့နောက် စတုတ္ထဒိုင်ကို အော်ဟစ်ခဲ့တဲ့အတွက် အဝါကတ်ပြား ပြသခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အာတီတာဟာ ယခုရာသီမှာ နည်းပြတွေဆီကနေ ဆိုးရွားတဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်ပြီး ပြဌာန်းခဲ့တဲ့ စည်းမျဉ်းသစ်ရဲ့ ပထမဆုံး သားကောင်ဖြစ်ခဲ့ပြီး လက်ရှိမှာ နည်းပြတွေဟာ စတုတ္ထဒိုင်ကို ပြဿနာရှာလို့မရတော့ဘဲ ၎င်းတို့ရဲ့ နည်းစနစ်ဧရိယာထဲမှာပဲ တစ်ချိန်လုံးနေရတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ပြီးခဲ့တဲ့ရာသီ အာတီတာရဲ့ ပြောစရာအဖြစ်ဆုံး ကွင်းဘေးစည်းက အပြုအမူတွေက အက်ဖ်အေရဲ့ စည်းမျဉ်းသစ် ချမှတ်ဖို့ ဆုံးဖြတ်ချက်မှာ တစ်စိတ်တပိုင်း ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် တရားဝင်လိဂ်မဟုတ်တဲ့လိဂ်က နည်းပြတွေနဲ့ စကားပြောခဲ့ပြီး သူတို့တွေက ကွင်းဘေးစည်းက အပြုအမူနဲ့ပတ်သက်ပြီး ရာသီကြိုမှာ ဆွေးနွေးခဲ့ကြတယ်။ သူတို့ပြောခဲ့တာက အာတီတာက အဲဒီစည်းမျဉ်းသစ်ကို ချမှတ်ရတဲ့ ကြီးမားတဲ့အကြောင်းအရင်းပဲတဲ့။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီက အပြုအမူတွေကြောင့် တော်တော်လေး ပွဲဆူခဲ့လို့ပါ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် ကာရေဂါကလည်း အာဆင်နယ်ဟာ မန်ချက်စတာစီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့အချိန်အတွင်းမှာ အာတီတာက အကဲပိုနေခဲ့တယ်လို့ ယုံကြည်နေပြီး ရာသီတောင် မစရသေးချိန်မှာ နည်းနည်း စိတ်လှုပ်ရှားနေခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“၁၀ မိနစ်လောက် ကစားပြီးတဲ့နောက် ကွင်းဘေးစည်းမှာ အာတီတာ ဘယ်လိုတွေ လုပ်မလဲဆိုပြီး ပွဲကို စောင့်ကြည့်ရတာ စိတ်ဝင်စားစရာကောင်းခဲ့တယ်လို့ တွေးမိခဲ့ပါတယ်။ ကျွန်တော် စိတ်ဆန္ဒပြင်းပြမှုကို နှစ်သက်တယ်။ ကျွန်တော်တို့မှာလည်း အဲဒီလိုစိတ်ဆန္ဒပြင်းပြတဲ့ ယာဂန် ကလော့ပ်ရှိပါတယ်။ သူ ဝင်ပါတဲ့အချိန်မှာ ခင်ဗျား နှစ်သက်မိမှာဖြစ်ပြီး ကျွန်တော်တို့အားလုံး ကျွန်တော်တို့ နည်းပြတွေဆီက စိတ်အားထက်သန်မှုကို မြင်ရတာကို နှစ်သက်ပါတယ်။ ဒါပေမယ့် သူကတော့ နည်းနည်းများလွန်းနေတယ်လို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ကွန်မြူနတီဒိုင်းလုပွဲက ၁၀ မိနစ်မှာ ဒီလောက်ဖြစ်စရာလိုလို့လားပေါ့။ သူ အဝါကတ်ပြားပြခံခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အင်္ကျီကို ဆွဲတဲ့အတွက် တစ်စုံတယောက်ကို သူ အဝါကတ်ပြတာခံရစေချင်ခဲ့လို့ပါ။ ကျွန်တော် တွေးမိခဲ့တာက ဝိုးပေါ့။ သူက ဒီရာသီအစောပိုင်းကတည်းက အဲဒီလို ရူးသွပ်နေခဲ့တယ်။ ရာသီအရှည်ကြီး သွားရမှာပါ။ အရမ်းကို ရှည်လျားတဲ့ရာသီပါ။ သူတို့တွေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပြန်ကစားရမှာပါ။”

ဒီရာသီ အာဆင်နယ်အသင်းအပေါ် မျှော်လင့်ချက်တွေ မြင့်တက်လာတဲ့အပေါ်မှာလည်း ကာရေဂါက “ပြီးခဲ့တဲ့ရာသီမှာ သူတို့တွေက ငယ်ရွယ်ပြီး ခြေစွာလာတဲ့အသင်းအဖြစ် ရှုမြင်ခံခဲ့ရပြီး လူအများစုက ရာသီကုန်ခါနီးမှာ မန်စီးတီးက ကျော်တက်သွားလိမ့်မယ်လို့ ခံစားခဲ့ရတယ်။ အတွေ့အကြုံနဲ့ ဒီလိုကိစ္စတွေကြောင့်ပေါ့။ သူတို့တွေ ခြေချော်သွားတဲ့အချိန်မှာတောင်မှ လူအများစုက အာဆင်နယ်က အရမ်းကောင်းတဲ့ရာသီရခဲ့တယ်လို့ တွေးခဲ့ကြတယ်။ ဒါပေမယ့် အာဆင်နယ် နွေရာသီမှာ လုပ်ခဲ့တာတွေက သူတို့ကို ပိုကောင်းလာစေပါတယ်။ ဒါပေမယ့် သူတို့တွေက ငယ်ရွယ်တဲ့အာဆင်နယ်အသင်းဖြစ်ပြီး မန်စီးတီးလို ငွေမသုံးဘူးဆိုတဲ့ အတွေးတွေကတော့ မရှိတော့ပါဘူး”

“အာဆင်နယ်က ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ မယုံနိုင်လောက်စရာ ငွေကြေးပမာဏကို သုံးစွဲခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ အရင်လို တွေးလို့ မရတော့ဘူးထင်တယ်။ ပရိသတ်တွေအနေနဲ့ သူတို့ဆီကနေ အများကြီး မျှော်လင့်သင့်တယ်။ သူတို့တွေ လိဂ်ဖလားရသင့်တယ်လို့ မျှော်လင့်ရုံတင်မကဘဲ ဆုဖလားတိုင်းအတွက်ပါ ယှဉ်ပြိုင်နိုင်သင့်တယ်လို့ တွေးရတော့မှာပါ။ သူတို့တွေ ပြီးခဲ့တဲ့ရာသီကလိုမျိုး ဖြစ်ရင်တော့ ဝေဖန်ပြစ်တင်ခံရသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီရာသီ အာဆင်နယ်ဆီကနေ အများကြီးပိုပြီး မျှော်လင့်သင့်တယ်လို့ တွေးမိလို့ပါ။ ဟုတ်ပါတယ်။ အာဆင်နယ်က အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ဒါပေမယ့် ငွေကလည်း နောက်ကနေ အများကြီး လိုက်ပေးနေခဲ့တာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet