အာဆင်နယ်ဟာ (၁) ပတ် (၁) ပွဲပဲ ကစားရတာကြောင့် အမှတ်လျော့နိုင်ခြေ နည်းသွားပြီလို့ ဂွာဒီယိုလာ ဆို mgsaw

အာဆင်နယ်ဟာ (၁) ပတ် (၁) ပွဲပဲ ကစားရတာကြောင့် အမှတ်လျော့နိုင်ခြေ နည်းသွားပြီလို့ ဂွာဒီယိုလာ ဆို

ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့ နီးကပ်လာပြီး ချန်ပီယံဆုဖလားအတွက် နှစ်သင်းတည်း အပြိုင်လုရတော့မယ့် အခြေအနေမှာ အမှတ်ပေးပွဲစဉ်တွေပဲ ကစားစရာ ရှိတော့ပြီး အပြည့်အဝ အာရုံစိုက်ထားနိုင်တဲ့ အာဆင်နယ်အသင်းက သူတို့ထက် အခြေအနေပိုကောင်းနေတယ်လို့ မန်စီးတီးနည်းပြ ပပ် ဂွာဒီယိုလာက ဆိုလာခဲ့ပါတယ်။

ဧပြီနဲ့ မေ နှစ်လတာပြီးရင် ဘယ်သူ ချန်ပီယံဖြစ်မလဲဆိုတာ အဖြေပေါ်တော့မယ့်ပွဲမှာ ဂန်းနားတွေဟာ လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းထက် တပွဲပိုကစားပြီး ရမှတ် (၈) မှတ်အထိ ဖြတ်ထားနိုင်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေနိုင်ဆဲ ဖြစ်ပါတယ်။

နည်းပြ အာတေတာရဲ့ အကောင်းဆုံး ဦးဆောင်မှုနဲ့အတူ လူငယ်ကြယ်ပွင့်တွေ အစွမ်းကုန် တောက်ပတဲ့ ရာသီဖြစ်ပြီး မန်စီးတီးအသင်းနဲ့အပြိုင် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလာတာကတော့ အာဆင်နယ်ကို ချီးကျူးရမယ့်အချက် ဖြစ်ပါတယ်။ ဂွာဒီယိုလာကိုယ်တိုင်ကလည်း ဂန်းနားတို့ရဲ့ တည်ငြိမ်မှုကို အံ့အားသင့်နေပြီး ဒီလိုသာဆိုရင် အမှတ်လျော့စရာ သိပ်မရှိဘူးလို့ မှတ်ချက်ပြုလာခဲ့တာပါ။

” အတွေ့အကြုံဆိုတာဟာ ဒီနေရာမှာ ဘာမှမဆိုင်ပါဘူး။ ဒီအချိန်ဟာ ပွဲသိမ်းတော့မယ့်အချိန်ဖြစ်ပြီး ကိုယ်လုပ်စရာရှိတာကိုပဲ အကောင်းဆုံး လုပ်ရတော့မှာလည်း ဖြစ်ပါတယ်။ ကစားစရာရှိတာကို ကစားရမယ်။ လုပ်စရာရှိတာကိုပဲ လုပ်ရမှာ ဖြစ်တယ်။ အတွေ့အကြုံအတွက် ကစားနေတော့တာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလို ဘယ်တုန်းကမှ မတွေးဘူး။ ငါက အတွေ့အကြုံရှိတာကြောင့် နိုင်မယ်ဆိုတာမျိုးပေါ့။ ”

” ဘာကြောင့်လဲဆိုတော့ အခြေအနေတိုင်း၊ ပွဲတိုင်း၊ ပြိုင်ဘက်တိုင်းက မတူနိုင်ဘူးလေ။ ကိုယ့်ရဲ့ ခံယူချက်နဲ့ ပရိုဖက်ရှင်နယ်တောင် ရာသီတိုင်း ပြောင်းလဲနေတာကိုး။ ကစားရမယ့်ပွဲတွေ အများကြီး ကျန်ပါသေးတယ်။ အမှတ်တွေလည်း အများကြီး ကျန်ပါသေးတယ်။ ဒါကြောင့် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ”

ဂွာဒီယိုလာက ” ဒါပေမယ့်လည်း ဒီပွဲမှာ အာဆင်နယ် သာပါတယ်။ သူတို့ဟာ FA ဖလားကနေလည်း ထွက်ခဲ့ရပြီးပြီ။ ယူရိုပါလိဂ်ကိုလည်း ကျောခိုင်းလာခဲ့ပြီ။ တပတ်ကို တပွဲပဲ ကစားဖို့ ကျန်တော့တယ်။ ဒီပြိုင်ပွဲအတွက် အပြည့်အဝ အာရုံစိုက်ပြီး အကောင်းဆုံး ပြင်ဆင်နိုင်နေတယ်။ သူတို့ရဲ့ တည်ငြိမ်မှုက အရမ်းကောင်းပါတယ်။ အမှတ်တွေ အများကြီး လျော့လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ”

” ဘာနဲ့တူသလဲဆိုတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့နဲ့ လီဗာပူးလ် ယှဉ်ပြိုင်ခဲ့တဲ့အချိန်တွေလိုပါပဲ။ ကျွန်တော်တို့ကလည်း ရစရာရှိတဲ့ အမှတ်တွေကို ရအောင်ယူခဲ့တယ်။ လီဗာပူးလ်ကလည်း အများကြီး အမှားမရှိခဲ့ဘူး။ အဲဒီလိုအခြေအနေပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Manchester World