ရာသီမစခင် ကွန်မြူနတီဒိုင်းလုပွဲမှာ မကျေပွဲနွှဲကြမယ့် စီးတီးနဲ့ အာဆင်နယ် 1024 504 coyg

ရာသီမစခင် ကွန်မြူနတီဒိုင်းလုပွဲမှာ မကျေပွဲနွှဲကြမယ့် စီးတီးနဲ့ အာဆင်နယ်

ဒီနှစ်ကွန်မြူနတီဒိုင်းလုပွဲအဖြစ် ဩဂုတ်လ ၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ဝင်ဘလေကွင်းမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

ဒီပွဲစဉ်ဟာ သာမန်အားဖြင့် ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေချန်ပီယံတို့ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပေမယ့် မန်စီးတီးက ပြီးခဲ့တဲ့ရာသီမှာ အက်ဖ်အေဖလားအပါအဝင် ဖလား ၃ လုံးရခဲ့တာကြောင့် ဒုတိယနေရာက အာဆင်နယ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲ ၂ ကြိမ်အထိ လက်စတာစီးတီး၊ လီဗာပူးလ်တို့ကို ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ကတော့ ၂၀၂၀ ခုနှစ်တုန်းက လီဗာပူးလ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပြီးနောက် ၂၄ ကြိမ်မြောက် ကွန်မြူနတီဒိုင်းလုပွဲကို ကစားသွားမှာပါ။

မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့ရာသီအချိန်အများစုကို ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်ခဲ့ကြပြီး အာဆင်နယ်ရဲ့ ရာသီကုန်ခါနီး ခြေချော်မှုကြောင့် မန်စီးတီးက ချန်ပီယံဖြစ်သွားခဲ့တာပါ။

သိထားသင့်တဲ့ အချက်အလက်များ

အာလင်း ဟာလန်းက ပြီးခဲ့တဲ့ရာသီ အာဆင်နယ်နဲ့ တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ကျော့စလုံးမျာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မန်စီးတီးက ပြီးခဲ့တဲ့ရာသီ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံးမှာ ဂိုးပေးခဲ့ရပေမယ့်လည်း အနိုင်ရခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲ ၄ ပွဲထဲက ၃ ပွဲမှာ ပြိုင်ပွဲဝင်နှစ်သင်းစလုံး အချိန်ပိုမှာ ဂိုးသွင်းယူခဲ့ကြပါတယ်။

မန်ချက်စတာစီးတီးက ပြိုင်ပွဲစုံမှာ အာဆင်နယ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၈ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။

နှစ်ဖက်အသင်းသတင်းများ

အာဆင်နယ်ကစားသမားသစ်တွေဖြစ်တဲ့ ခိုင် ဟာဗတ်ဇ်၊ ဒီကလန် ရိုက်၊ တင်းဘားတို့ဟာ မန်စီးတီးနဲ့ပွဲမှာ ကစားသွားမှာဖြစ်ပြီး ဂါဘရီယဲလ် ဂျေးဇုကတော့ ဒူးဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်အနည်းငယ်လွဲချော်မှာဖြစ်ပါတယ်။ ဆာကာက မိုနာကိုနဲ့ပွဲကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ပေမယ့်လည်း ဒီပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝနေလိမ့်မယ်လို့ မျှော်လင့်ရပြီး ဇင်ချန်ကိုကလည်း ပြန်ကစားနိုင်ဖို့ လုပ်ဆောင်နေပေမယ့်လည်း ရာသီကြိုမှာ တစ်မိနစ်မှ မကစားခဲ့ရတာကြောင့် ပွဲထွက်ပါဝင်သွားဖွယ်မရှိပါဘူး။

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကွန်မြူနတီဒိုင်းလုပွဲမတိုင်ခင် အသင်းက ကောင်းမွန်တဲ့ပုံစံရှိနေပုံပေါ်တယ်လို့ ပြောခဲ့ပေမယ့်လည်း ဇွန်လက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တံကောက်ကြော်ဒဏ်ရာရခဲ့တဲ့ ဒီဘရိုင်းနားကို အရဲစွန့်ထုတ်မသုံးဖို့ ဆုံးဖြတ်ဖွယ်ရှိပါတယ်။ နေသန် အကီကလည်း ပွဲစဉ်အနည်းငယ်ကို လွဲချော်ခဲ့ပြီး ဘန်လေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကလည်း လာမယ့်အပတ်မှာ ကစားသွားရတော့မှာဖြစ်လို့ ဒီပွဲမှာလည်း ပါဝင်ဖွယ်မရှိပါဘူး။

ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာစီးတီးဟာ အာဆင်နယ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြီးခဲ့တဲ့ရာသီ ပွဲစဉ်တွေမှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း အနိုင်ရရှိအောင်တော့ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဝင်ဘလေက ပွဲစဉ်မှာလည်း နှစ်ဖက် အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိနေပြီး ကွန်မြူနတီဒိုင်းလုပွဲမှာ ကံမကောင်းတတ်တဲ့ မန်စီးတီးရဲ့ အစဉ်အလာအရ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှ ဖလားလက်လွှတ်ခဲ့ရလို့ စိတ်ဓာတ်ပြင်းပြနေတဲ့ အာဆင်နယ်ကပဲ အနိုင်ယူသွားပါလိမ့်မယ်။

 

သရေကျရင် အချိန်ပိုကန်ရမှာလား

အက်ဖ်အေက လွန်ခဲ့တဲ့နှစ်တွေကတည်းက ကွန်မြူနတီဒိုင်းလုပွဲမှာ အချိန်ပိုကို ဖျက်သိမ်းခဲ့ပြီး နွေရာသီ အားလပ်ရက်အပြီး ပထမဆုံးကစားတဲ့ပွဲစဉ်ဖြစ်တာကြောင့် ယှဉ်ပြိုင်မှုပြင်းထန်တဲ့ အချိန်ပို မိနစ် ၃၀ မှာ ကစားသမားတွေ ဒဏ်ရာရနိုင်ခြေကို ရှောင်လွှဲတဲ့အနေနဲ့ ပင်နယ်တီအဆုံးအဖြတ် တိုက်ရိုက်ခံယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ မန်ချက်စတာစီးတီး)

AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၂ မန်ချက်စတာစီးတီး)

Arsenal Myanmar

Ref: Internet