အာဆင်နယ်အတွက် ကစားနေပြီဆိုရင် ပြိုင်ပွဲတိုင်း အနိုင်ကစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိပြီးသားဆိုတဲ့ မာတင်နယ်လီ
တိုက်စစ်ကြယ်ပွင့် မာတင်နယ်လီက ဂန်းနားဖြစ်ပြီဆိုမှတော့ ပြိုင်ပွဲတိုင်းကို အနိုင်ကစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိပြီးသားလို့ ဆိုလိုက်ပါတယ်။
အာဆင်နယ်ဟာ ဒီနေ့ညမှာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ်ဖလား (၁၆) သင်း ရှုံးထွက်အဆင့် ပထမအကျော့ကို ကစားရမှာဖြစ်ပြီး နောက်တဆင့် တက်ရောက်နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တယ်လို့ ဂါဘီ အငယ်ကောင်က ပရိသတ်တွေကို ကတိပြုလိုက်တာ ဖြစ်ပါတယ်။
” ရှေ့ဆက်လည်း ပြင်းပြင်းထန်ထန် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကွင်းတွင်း၊ ကွင်းပြင်ပ နှစ်ရပ်စလုံးမှာ အကောင်းဆုံးဖြစ်အောင် အမြဲတမ်း အားထုတ်နေပါတယ်။ ”
” ဒါဟာ ကျွန်တော် လုပ်နေတဲ့အရာပါပဲ။ ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။ တောင်ပံမှာပဲ ကစားသည်ဖြစ်ဖြစ်၊ အထောင်တိုက်စစ်မှာပဲ ကစားသည်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အသင်းအတွက်ဆို ဂိုးဖမ်းရမယ်ဆိုရင်တောင် ဖမ်းမှာပါ။ ”
မာတင်နယ်လီက ” အာဆင်နယ်ကစားသမား ဖြစ်နေပြီဆိုရင် ပြိုင်ပွဲတိုင်းကို အနိုင်ကစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိရပါမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းပါပဲ။ ”
” စပို့တင်းဟာ အရမ်းကောင်းတဲ့ အသင်းတသင်း ဖြစ်ပါတယ်။ အဓိက ကစားသမားတဦး မပါနိုင်ပေမယ့်လည်း တသင်းလုံး ကောင်းကြပါတယ်။ ကျွန်တော်တို့ ဒီပွဲအတွက် ကောင်းကောင်း ပြင်ဆင်ထားပါတယ်။ သူတို့ဟာ ခံစစ် (၅) ယောက် ထားကစားတယ်ဆိုတာ သိပါတယ်။ ”
” ဆိုတော့ ကျွန်တော်တို့လည်း အဲဒီအတွက် ပြင်ဆင်ရတာပေါ့။ ပွဲကောင်းတပွဲ ဖြစ်လာမှာတော့ အသေအချာပါပဲ။ စပို့တင်းဟာ တကယ်ကောင်းတဲ့ အသင်းတသင်း ဖြစ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Ref : Arsenal Official
- Posted In:
- Pre Match Talks