စမစ်ရိုးလ် ပုံမှန်ခြေ ပြန်တွေ့ဖို့ လိုအပ်နေတဲ့ တခုတည်းသောအရာကို ပြောပြတဲ့ အင်္ဂလန် U21 နည်းပြ
အင်္ဂလန် U21 နည်းပြဖြစ်သူ လီ ကားစ်လေကတော့ ပြင်သစ်အသင်းကို (၄) ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေအပြီးမှာ အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အမီးလ် စမစ်ရိုးလ်အပါအဝင် အင်္ဂလန်လူငယ်ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။
အဆိုပါပွဲဟာ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အင်္ဂလန်လူငယ်အသင်းက အဖက်ဖက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး စမစ်ရိုးလ်၊ မာဒူအီကေ၊ ကာတစ် ဂျုံးစ်၊ ဂျာကော့ဘ် ရမ်ဆီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အင်အားကြီး ပြိုင်ဘက်အသင်းအပေါ် ဂိုးပြတ်နိုင်ပွဲတပွဲ ဆင်နွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုးလ်ကတော့ အင်္ဂလန် U21 အသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်ပိတ်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒီနှစ်ရာသီမှာ ဒဏ်ရာတွေနဲ့အတူ ရုန်းကန်နေခဲ့ရတဲ့ အသက် (၂၂) နှစ်သားအတွက်တော့ ဒီပွဲက ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။
ကာလရှည်အနားယူခဲ့ရတဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရတဲ့ စမစ်ရိုးလ်အနေနဲ့ လက်ရှိအချိန်မှာ နည်းပြ အာတေတာလက်အောက် ပွဲအများကြီး ကစားခွင့် မရသေးပါဘူး။ ဒါပေမယ့်လည်း စမစ်ရိုးလ်ဟာ အရည်အသွေးရှိပြီးသား ကစားသမားဖြစ်တာကြောင့် ပုံမှန်ခြေရဖို့အတွက် ပွဲကစားချိန်သာ လိုအပ်နေတာဖြစ်ကြောင်း အင်္ဂလန်လူငယ်နည်းပြက ဆိုပါတယ်။
” ကျွန်တော် အမီးလ်ကို အရမ်း ကြိုက်ပါတယ်။ သူဟာ တကယ်ကိုပဲ အရည်အသွေးမြင့်ပြီး အလားအလာကြီးမားတဲ့ လူငယ်ကစားသမား ဖြစ်ပါတယ်။ ဒီနေ့ညမှာ သူဟာ ထိပ်တန်းကစားသမားတဦးဖြစ်ကြောင်း ပြသနိုင်ခဲ့တယ်လို့ ကျွန်တော် မြင်ပါတယ်။ ”
” အခုတော့ သူ့အတွက် ပွဲကစားချိန် မိနစ်တွေသာ လိုအပ်ပါတော့တယ်။ ပွဲတွေ ကစားမယ်။ ပွဲရှိန်ရလာမယ်။ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့အတွက် သူ့ခန္တာကိုယ်ကိုသူ ယုံကြည်မှု ရှိလာမယ်ဆိုရင် အမြင့်ဆုံးအဆင့်ကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့မှာ သူဟာ (၆၅) မိနစ်လောက် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော့် အစီအစဉ်ကတော့ အင်္ဂါနေ့မှာ သူ့ကို ဒီထက်ပိုပြီး ပွဲချိန်များများ ကစားခွင့်ပေးဖို့ ဖြစ်ပါတယ်။ ”
ကားစ်လေက ” သူဟာ ခံယူချက်ကြီးမားတဲ့ ကစားသမားဖြစ်တယ်လို့ ကျွန်တော် မြင်တယ်။ အာဆင်နယ်အသင်းလို ထိပ်တန်းကလပ်အသင်းကြီးတသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အခြားကစားသမားတွေလိုပါပဲ။ အသင်းကြီးမှာ နေရာတနေရာရဖို့ရာ သူတို့တွေ အစွမ်းကုန် ကြိုးစားခဲ့ရတယ်။ ပြီးတော့ နံပါတ် (၁၀) ဆိုတဲ့ ကျောနံပါတ်ကို ရခဲ့တယ်။ ”
” ဒါဟာ စမစ်ရိုးလ်ရဲ့ မယုံနိုင်စရာ ကောင်းလှတဲ့ ခံယူချက်၊ စိတ်ပြတ်သားခြင်းနဲ့ ဆန္ဒပြင်းပြမှုတွေကို ပြသနေတာပါပဲ။ သူဟာ ဒါနဲ့ ထိုထ်တန်ပါတယ်။ ဒီအချိန်မှာ သူ့အတွက် လိုအပ်နေတဲ့ တခုတည်းသော အရာက ပွဲကစားချိန်ပါပဲ။ အဲဒီနောက်မှာတော့ ယုံကြည်မှုက အနောက်က အလိုလို လိုက်လာပါလိမ့်မယ်။ ပြီးရင် သူ့ခန္တာကိုယ်က ဘယ်လောက် လုပ်နိုင်စွမ်း ရှိသလဲဆိုတာ သူ ပြန်ခံစားမိလာလိမ့်မယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန် U21 အသင်းဟာ ဒီတဖြတ် နိုင်ငံတကာပွဲရက်ကာလအတွင်းမှာ နောက်ထပ်ပွဲတပွဲ ကစားဖို့ရာ ကျန်ရှိနေသေးပြီး အဲဒီပွဲကတော့ အင်္ဂါနေ့မှာ ခရိုအေးရှားအသင်းကို Craven Cottage မှာ ဧည့်ခံကစားမယ့်ပွဲပဲ ဖြစ်ပါတယ်။
Ref : Metro
- Posted In:
- Praise Talks