ဖူလ်ဟမ်ကို အပြတ်အသတ် ချေမှုန်းပြီး ချန်ပီယံအိပ်မက်တွေ ရှေ့ဆက်တဲ့ည mgsaw

ဖူလ်ဟမ်ကို အပြတ်အသတ် ချေမှုန်းပြီး ချန်ပီယံအိပ်မက်တွေ ရှေ့ဆက်တဲ့ည

ဒီပွဲမတိုင်မီ ခံစားချက်က သိပ်မကောင်းပါဘူး။ တိုက်စစ်မှာ ဒဏ်ရာရ ကစားသမားတွေ များနေတယ်။ မာတင်နယ်လီ၊ ဆာကာ၊ နယ်လ်ဆင်တို့နဲ့ ထိန်းထားနိုင်ဆဲ ဖြစ်ပေမယ့် မလိုအပ်ဘဲ အားတွေ သုံးနေရတယ်။ ပွဲဆက်တွေများလာတယ်။ ဒီအခြေအနေမှာ အိမ်ကွင်းမာတဲ့ ဖူလ်ဟမ်က ဝေဒနာတွေ ပေးသွားမလား ဆိုပြီးတော့ …

Fulham’s Antonee Robinson (left) and Arsenal’s Reiss Nelson battle for the ball during the Premier League match at Craven Cottage, London. Picture date: Sunday March 12, 2023. (Photo by Adam Davy/PA Images via Getty Images)

မာကို ဆေးဗားလ်ကလည်း အခက်တွေ့စေရမယ်လို့ ကြိမ်းထားတယ်။ နည်းပြ အာတေတာကလည်း သူ့ အဓိက တိုက်စစ်ကစားသမားတွေ မပါနိုင်သေးဘူးဆိုပြီး ညည်းပြတယ်။ အခြေအနေတွေက တွေးကြည့်လေ စိုးရိမ်စရာ ကောင်းလေ … ပွဲနီးတော့မှ မာကို ဆေးဗားလ်တယောက် နည်းပြ အာ‌တေတာရဲ့ mind game ထဲ ဝင်သွားပြီ ဖြစ်ကြောင်း သိလိုက်တယ်။

မမျှော်လင့်ထားသေးတဲ့ မင်းသားတွေ မထင်မှတ်ဘဲ ရောက်လာတယ်။ Avengers တွေလို ဆန်းကြယ်တဲ့ ပါ‌ဝါတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲတပွဲကို ကစားပြသွားတာက အားရစရာ။ ထရောဆာဒ်နဲ့ ‌ဂျေးဇု ပြန်ပါနိုင်တာက လုံးဝ ကြီးမားတဲ့ အလှည့်အပြောင်းတခုပဲ။ အထူးသဖြင့် ပွဲထွက်လူစာရင်းထဲ ပါဝင်လာတဲ့ ထရောဆာဒ်။

ဒီညဟာ သူ့ရဲ့ည။ သူသာ မင်းသား။ သူသာ အခရာ။ အရာရာတိုင်းကို သူ့လက်သူ့ခြေနဲ့ ဖြစ်တည်စေခဲ့ပြီး ရင်ခုန်စရာ ပြဇာတ်တပုဒ်ကို ဖော်ကျူးသွားတယ်။ ပထမပိုင်းမှာတင် ဖန်တီးမှု (၃) ကြိမ်တဲ့။ အဝေးကွင်းပွဲစဉ်တပွဲရဲ့ ပထမပိုင်းမှာတင် ကစားသမားတယောက် ဒီလိုစွမ်းဆောင်နိုင်တာ သမိုင်းတလျှောက် ပထမဆုံးတဲ့။ ဘယ်လောက် လှပလိုက်သလဲ။

တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် ဖန်တီးမှု (၄) ကြိမ်လောက်နဲ့ သွင်းဂိုး (၁) ဂိုးအထိ ရခဲ့သင့်တာ။ ကံကြမ္မာတရားကြီးက ရက်စက်တော့ ကြံဖန်လွဲခဲ့ရတယ်။ အထောင်တိုက်စစ်နေရာမှာ False 9 role ကို အပီပြင်ဆုံး ကစားသွားတယ်။ အော်ဒီဂွါဒ်၊ မာတင်နယ်လီ၊ ဆာကာတို့ ကစားပေါက် ချောင်စေဖို့အတွက် နောက်အထိ ဘောလုံးဆင်းယူတယ်။ တကိုယ်‌တော် ကျွမ်းကျင်မှုတွေနဲ့ ကျော်ဖြတ်တယ်။ ဖြန့်တယ်။ ခင်းတယ်။ သူ့ကြောင့်ပဲ ဖူလ်ဟမ် ခံစစ်ဟာ နေရာလွတ်တွေ အများကြီးပေါ်လာ၊ အခွင့်အရေးတွေ အများကြီး ပေးခဲ့ရတာ ဖြစ်တယ်။

ပထမပိုင်းမှာတင် (၆) ဂိုးလောက် ပြတ်သွားနိုင်တဲ့အထိ ပွဲက တဖက်သတ်ဆန်ခဲ့ပြီး ဂါဘရီယဲလ်၊ မာတင်နယ်လီနဲ့ အော်ဒီဂွါဒ်တို့ သွင်းဂိုး (၃) ဂိုးနဲ့တင် နိုင်ပွဲရဖို့ လုံလောက်ခဲ့တယ်။ သောမတ်စ် ပါတေးက သူ့ရဲ့ နောက်ထပ် ထူးရှယ်ပွဲတပွဲကို ကစားပြသွားတယ်။ မာတင်နယ်လီ၊ အော်ဒီဂွါဒ်၊ ဆာကာတို့ တာဝန်ကျေခဲ့ကြတယ်။ ခံစစ်ကလည်း ရမ်စ်ဒဲလ် အမှားအယွင်းအချို့ ရှိခဲ့ပေမယ့် Clean Sheet ရအောင် ယူပြခဲ့တယ်။

ဆာကာလေးက ပွဲပန်းနေသလိုပဲ။ ဒါပေမယ့် ဒုတိယပိုင်းမှာ သူ့ကို အနားပေးနိုင်ခဲ့တာကလည်း အားရစရာ။ လူပြန်စုံလာရင် လူအင်အား ဘယ်လောက်တောင့်ကြောင်း နည်းပြ အာတေတာက တကွက်ပြသွားတယ်။ ဂျေးဇု၊ တိုမီယဆု၊ တီယာနေး နယ်လ်ဆင်၊ ဗီအဲရာတို့ဟာ လူစားဝင်တဲ့ ကစားသမားတွေ ဖြစ်သတဲ့။ ဒီကစားသမားတွေကို အခွင့်အရေး ပေးချင်တာနဲ့တင် ဒီနေ့မှာ ဂျော်ဂျင်ညိုကြီး ပွဲပြည့်အနားရသွားတယ်။ စပို့တင်းလစ္စဘွန်းပွဲအတွက် အားအပြည့်မွေးနိုင်ပြီ ဖြစ်တယ်။

ဂျေးဇုက ပြန်လာလာချင်းမှာပဲ သွင်းဂိုး (၁) ဂိုးနဲ့အတူ အဖွင့်ကောင်းနိုင်ခဲ့ပေမယ့် သူ့ကန်ချက်ကို လေနို ကာကွယ်သွားတာကတော့ ကံဆိုးပါတယ်။ ပထမပိုင်းမှာ ကြမ်းပြတဲ့ ဂန်းနားတွေဟာ ဒုတိယပိုင်းမှာတော့ အင်အားချွေတာကစားရင်း (၃) ဂိုးပြတ် ရလဒ်ကိုပဲ ထိန်းသွားခဲ့တာ ဖြစ်တယ်။ ဒုတိယနေရာက မန်စီးတီးကို (၅) မှတ် ဖြတ်ထားရင်း ချန်ပီယံအိပ်မက်ဟာ လှလှပပ အသက်ဝင်နေဆဲပဲ။