အန်ကီးတီးယားတောက်ပပြီး ထိုးနှက်ချက်နဲ့ ကြုံခဲ့ရတဲ့ပွဲက ပြောစရာအချက်များ
အာဆင်နယ်အသင်းဟာ မိုနာကိုအသင်းကို သာမန်ပွဲကစားချိန်မှာ ၁-၁ နဲ့ ခက်ခက်ခဲခဲ သရေကျခဲ့ပြီးနောက် ရာသီကြိုကို ပင်နယ်တီ အဆုံးအဖြတ်နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
လီဂူးဝမ်းအသင်းအတွက် ယူဆွတ်ဖ် ဖိုဖာနာက ၃၁ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က ပထမပိုင်းမပြီးခင်မှာပဲ အန်ကီးတီးယားရဲ့ အနီးကပ်အဆုံးသတ်ကနေတဆင့် ချေပနိုင်ခဲ့တာဖြစ်ပါတယ်။
ဘန် ယက်ဒါက မိုနာကိုအသင်းကို ဦးဆောင်ခွင့် ရရှိနိုင်တဲ့ အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပြီး အာဆင်နယ်က ဒုတိယပိုင်းမှာ အခွင့်အရေးအများအပြားဖန်တီးနိုင်ခဲ့ပြီး ထရော့ဆာ့ဒ်လည်း အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲက သရေနဲ့ပဲ ပြီးဆုံးသွားတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ဂါဘရီယဲလ်က မြောက်လန်ဒန်မှာ အဆုံးအဖြတ် ပင်နယ်တီကို ကန်သွင်းခဲ့တဲ့ပွဲစဉ်မှာ ပြန်ပြောစရာ အချက် ၅ ချက်ရှိနေခဲ့ပါတယ်။
၁။ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အန်ကီးတီးယား
ဂျေးဇုက မိုနာကိုနဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်မယ်လို့ အတည်ပြုခဲ့ပြီးနောက် အန်ကီးတီးယားက ပွဲထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ အခွင့်အရေးကို အမိအရ အသုံးချနိုင်ခဲ့ပြီး ဂန်းနားတွေအတွက် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
၂။ ပြန်ပေါ်လာတဲ့ ခံစစ်ပိုင်းအမှားတွေ
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အောင်မြင်ခဲ့ပေမယ့်လည်း အိမ်ကွင်းမှာဆို ပိုရုန်းကန်ရပြီး အမှန်တကယ်လည်း မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်နဲ့အတူ အိမ်ကွင်းမှာ ခံစစ်ပိုင်း ယိုပေါက်အများဆုံး ၉ သင်းစာရင်းထဲမှာ ပူးတွဲရပ်တည်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားခဲ့ရာမှာ ၂၅ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ဆောက်သမ်တန်၊ လက်စတာ၊ ဘရိုက်တန်၊ ဘုန်းမောက်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ၂ ဂိုးနဲ့အထက် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒါက အာဆင်နယ်အနေနဲ့ ယခုရာသီမှာ ပရီးမီးယားလိဂ်ဖလားလိုချင်တယ်ဆိုရင် မဖြစ်မနေပြင်ဆင်ရမယ့်အရာဖြစ်ပြီး မိုနာကိုအသင်းကို မပေးသင့်တဲ့ ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ခံစစ်ပိုင်းမှာ ဒီလိုမျိုး အမှားတွေ ထပ်မဖြစ်အောင် ကြိုးပမ်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ မာတီနယ်လီက သူ လူကပ်ထားတဲ့သူကို ညာတောင်ပံမှာ မထိန်းနိုင်ခဲ့တဲ့နောက် မိုနာကို တောင်ပံကစားသမားက ဖိုဖာနာ ခေါင်းတိုက်ဂိုးသွင်းယူနိုင်အောင် ဖြတ်တင်ပေးပို့ခဲ့တာဖြစ်ပါတယ်။
၃။ ကစားသမားသစ်တွေရဲ့ အစွမ်းကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း
အမ်းမရိတ်စ်ကွင်းရဲ့ အဝေးမှာ ပထမဆုံး ရာသီကြို ၅ ပွဲကစားခဲ့ပြီးနောက် ဂန်းနားတွေဟာ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် အိမ်မှာ ပြန်ကစားခဲ့ပြီး ဂန်းနားပရိသတ်တွေအတွက် ယခုနွေရာသီမှာ အသစ်ရောက်လာတဲ့ ကစားသမား ၃ ဦးကို မြင်တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီကလန် ရိုက်နဲ့ တင်းဘားတို့က ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာခဲ့ပြီး ဝက်စ်ဟမ်းကြယ်ပွင့်ဟောင်းက ပွဲစဉ်တလျှောက် အရည်အသွေးအချို့ကို ပြသခဲ့ပြီး ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက ဖျက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တင်းဘားကလည်း ဘယ်နောက်ခံနေရာမှာ ကောင်းကောင်းကစားပြနိုင်ခဲ့ပြီး မာတီနယ်လီ၊ ဒီကလန် ရိုက်တို့နဲ့ ဘယ်တောင်ပံမှာ ချိတ်ဆက်ကစားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေဟာ ခိုင် ဟာဗတ်ဇ်ကို ဂန်းနားရှပ်နဲ့ ပထမဆုံးမြင်တွေ့ခွင့် ရရှိခဲ့ပြီး ဂျာမန်ကြယ်ပွင့်ဟာ ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၆၀ မှာ အော်ဒီဂွါဒ်၊ ထရော့ဆာ့ဒ်တို့နဲ့အတူ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်ဟာ မိုနာကိုနဲ့ပွဲစဉ်မှာ ကျောနံပါတ် ၈ အဖြစ် ကစားပေးခဲ့တာဖြစ်ပါတယ်။
၄။ အာဆင်ဝင်းဂါးရဲ့ အိမ်အပြန်ခရီး
အသင်းကို စွန့်ခွာခဲ့ပြီးနောက် ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ပထမဆုံးအကြိမ် အမ်းမရိတ်စ်ကို ပြန်လာခဲ့တဲ့ ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးက အသင်းဟောင်း ၂ သင်းကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် အမ်းမရိတ်စ်ကို ပြန်လာခဲ့ပါတယ်။ အာဆင်ဝင်းဂါးဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း မိုနာကိုအသင်းကို နည်းပြခဲ့ပြီးနောက် နာဂိုယာဂရမ်းပက်အိတ်ကို နည်းပြဖို့ ဂျပန်ကို ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လူမျိုးနည်းပြဟာ ၁၉၉၆ ခုနှစ်မှာ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး ဒီအပြောင်းအရွှေ့ဟာ အဲဒီအချိန်တုန်းက အင်္ဂလန်နည်းပြတွေ ကြီးစိုးတဲ့ ပရီးမီးယားလိဂ်မှာ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အာဆင်ဝင်းဂါးက ဂန်းနားတွေကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ပြောင်းလဲပေးခဲ့ပြီး သံသယရှိသူတွေကို သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်ဝင်းဂါးဟာ ၂၀၀၂-၂၀၀၃ ရာသီမှာ ပရီးမီးယားလိဂ်ရှုံးပွဲမရှိစံချိန်နဲ့ မရှုံးနိမ့်နိုင်သောအသင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ အမှတ်ပေးဇယားကို ဆွတ်ခူးနိုင်အောင် နည်းပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်ဝင်းဂါးဟာ ၂၀၀၈ ခုနှစ်မှာ မြောက်လန်ဒန်ကနေ ထွက်ခွာခဲ့ပြီး အာဆင်နယ်မှာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း ၄ နှစ်ခွဲအကြာ ပြီးခဲ့တဲ့နှစ် ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ဘောက်ဆင်ဒေးနဲ့ပွဲစဉ်မှသာ အသင်းကို ပြန်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ ဂန္တဝင်နည်းပြကြီးရဲ့ ကြေးသွန်းရုပ်တုကို စိုက်ထူခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အာဆင်ဝင်းဂါးက မိုနာကိုနဲ့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
၅။ ဂျေးဇုရဲ့ ဒဏ်ရာပြဿနာထိုးနှက်ချက်
အာဆင်နယ်က ပွဲမတိုင်ခင်မှာ ဂျေးဇုရဲ့ ဒူးဒဏ်ရာပြဿနာကို အကဲဖြတ်ရမှာဖြစ်တာကြောင့် ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာဖြစ်ပါတယ် ။အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ရာသီကြိုမှာ အလွန်ကောင်းမွန်တဲ့ပုံစံပြသနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ တနင်္ဂနွေနေ့မှာကစားရမယ့် မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲအတွက် ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေပြီဖြစ်ပါတယ်။ ဂျေးဇုဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ရာသီရဲ့ အချိန်အများစုကို လွဲချော်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဒဏ်ရာက မပြင်းထန်ဖို့ပဲ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။ တကယ်လို့သာ ဂါဘရီယဲလ် ဂျေးဇုအနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းကလိုမျိုး အချိန်တော်တော်များများ လွဲချော်မယ်ဆိုရင် အာဆင်နယ်အသင်းအနေနဲ့ ယူအက်စ်အေတိုက်စစ်မှူး ဘာလိုဂန်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ရွေးချယ်သွားနိုင်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review