သာမန်လိုပဲ အနိုင်ယူရင်း ပထမဆုံး ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ ဂန်းနားများ
ဒီပွဲမှာ နည်းပြ အာတေတာက ဂျေးဇု၊ ချာကာ၊ ပါတေး၊ အော်ဒီဂွါဒ်၊ ဇင်ချင်ကိုတို့ကို လူစားလဲသွားတယ်။ ဆာကာကိုလည်း ဒုတ်ယပိုင်း အနိုင်သေချာချိန် သက်တောင့်သက်သာ ဖြစ်ချိန်မှသာ ဝင်ကစားစေခဲ့တယ်။ လီဗာပူးလ်ပွဲအတွက် အာရုံစိုက်နေပုံပါပဲ။
ဒါပေမယ့်လည်း အသင်းဟန်ချက်က ပျက်မသွားဘဲ လိုအပ်တဲ့ အနိုင် (၃) မှတ်ကို ဂိုးပြတ်နိုင်ပွဲနဲ့အတူ ရယူခဲ့တယ်။ အားရစရာ စိတ်ဓာတ်နဲ့ ခြေစွမ်း ဖြစ်ပါတယ်။ အထူးသဖြင့် မန်စီးတီးက လီဗာပူးလ်ကို ဂိုးပြတ်သွင်းပြီး အပိုင်ခြိမ်းခြောက်လာချိန်မှာ တုန်လှုပ်မသွားဘဲ ထပ်တူညီတဲ့ ရလဒ်မျိုးကို ဂန်းနားလူငယ်တွေ ပုံဖော်သွားခဲ့တာက ချီးကျူးစရာပါ။
ဘာမှ အထွေအထူး ပြောစရာ မရှိဘဲ ခရစ္စတယ်ပဲလေ့စ်ပွဲတုန်းကလို အားလုံး ကောင်းခဲ့တဲ့ပွဲ ထပ် ဖြစ်ခဲ့ပါတယ်။ လိဒ်ရဲ့ ခံစစ်ကစားပုံကြောင့် ပွဲအစပိုင်းမှာ အခက်တွေ့ခဲ့တာ၊ Clean Sheet နဲ့ လွဲခဲ့တာက ချွင်းချက်ပေါ့။ ဒါပေမယ့် ဂျေးဇုရဲ့ အဖွင့်ဂိုးနောက် အခက်အခဲတွေဟာ အရေပျော်သွားတော့တယ်။
ကာလရှည်ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက်ပိုင်း ဂျေးဇုကို ဒီလိုပုံစံမျိုး ပြန်မြင်ရတာ အားရဖို့ ကောင်းပါတယ်။ လက်ကျန်ပွဲစဉ်တွေအတွက် တိုက်စစ်က စိတ်အေးစရာပါပဲ။ ပယ်နယ်တီကနေ တဂိုးသွင်းတယ်။ ပြီး ထရောဆာဒ်ရဲ့ ဖန်တီးမှုကို စားသုံးတယ်။ ယုံကြည်မှုအပြည့်၊ ကြံ့ခိုင်မှုအပြည့် ဂျေးဇု ဖြစ်လာပါပြီ။
ထရောဆာဒ်ကတော့ ဇန်နဝါရီလ အကောင်းဆုံး ခေါ်ယူမှုပါပဲ။ ဒီဘယ်လ်ဂျီယံသားဆီကနေ ဖန်တီးမှုတွေ၊ သွင်းဂိုးတွေ ဆက်တိုက် ဖြစ်လာတယ်။ ပွဲပန်းနေတဲ့ ဆာကာ၊ မာတင်နယ်လီတို့ အနားရတယ်။ အရန်ခုံအင်အား တောင့်တင်းလာရတယ်။ သူ့အိပ်မက်တွေကြောင့် သူက ဒီကို လာခဲ့တာ။ အာဆင်နယ်ကလည်း သူ့အိပ်မက်တွေနဲ့ ထပ်တူကျတဲ့အသင်း။ ရာသီကုန်မှာ နှစ်ဦးနှစ်ဖက် ဆန္ဒပြည့်ပါစေလို့ပဲ မျှော်လင့်နေတော့တယ်။
ချာကာ ဂိုးသွင်းတယ်။ အော်ဒီဂွါဒ်က လက်ဖျားခါစရာ ဖန်တီးမှု ထပ်လုပ်ပြတယ်။ ဆာလီဘာ မရှိချိန်မှာ ဟိုးဒင်းကြီးက လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးနေတယ်။ ဘန်ဖြူရဲ့ ဂိုးတွေကို ဆက်မြင်ရတယ်။ အမှတ်ပေးဇယားကို ဆက်ဦးဆောင်တယ်။ ဘာလိုသေးလဲ။ တခုပဲ။ ရမ်စ်ဒဲလ်တယောက် အဝတ်လဲခန်းအတွင်း ပေါက်ကွဲနေမယ့်ပုံ မြင်ယောင်မိရင်း ….
- Posted In:
- Post Match Review