ရလဒ်ပိုင်းထက်ပိုတဲ့ ခံပြင်းစရာတွေနဲ့အတူ ယူရိုပါလိဂ်ကို နှုတ်ဆက်ခဲ့ mgsaw

ရလဒ်ပိုင်းထက်ပိုတဲ့ ခံပြင်းစရာတွေနဲ့အတူ ယူရိုပါလိဂ်ကို နှုတ်ဆက်ခဲ့

ယူရိုပါလိဂ်ကို အာရုံစိုက်ထားကြောင်း ပြောထားသလိုပဲ နည်းပြ အာတေတာဟာ ကွာတားဖိုင်နယ်ကို ‌တက်ရောက်နိုင်ဖို့အတွက် တောင့်တင်းတယ်ဆိုတဲ့ လူစာရင်းမျိုးကို အသုံးပြုခဲ့တယ်။ တိုမီယဆု၊ ဂျော်ဂျင်ညို၊ ဗီအဲရာနဲ့ နယ်လ်ဆင်တို့ကလွဲလို့ အမာခံ ကစားသမားတွေနဲ့ ပွဲထွက်လာပြီး ဂျေးဇုကိုလည်း ကစားချိန် ပေးခဲ့ပါတယ်။

ဒါပေမယ့် ပထမအကျော့ကလိုပဲ လစ္စဘွန်းရဲ့ ကစားပုံကြောင့် အခက်တွေ့ခဲ့ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပွဲအစ ပထမပိုင်း (၁၅) မိနစ်လောက်အထိ လစ္စဘွန်းရဲ့ ကစားပုံကို အတော်လေး ထိန်းယူခဲ့ရပါတယ်။ အဓိက ကစားသမားအချို့ မပါနိုင်ပေမယ့်လည်း လစ္စဘွန်းဟာ ဒီယိုမန်ဒီ၊ အင်နာစီရို၊ ပယ်ဒရို ဂွန်ဆာ့ဇ်၊ ထရင်ကာအိုနဲ့ အက်ဝါ့ဒ်တို့အားနဲ့ ဂန်းနားတို့ကို တန်ပြန်ကစားနိုင်ခဲ့တာပါ။

ပေါ်တူဂီကလပ်ဟာ အဝင်ကြမ်းတာမျိုးတွေလည်း မကြာခဏ ပြုလုပ်ခဲ့ပြီး ကြံ့ခိုင်မှုအသားပေးကာ အာဆင်နယ်တိုက်စစ်လမ်းကြောင်းတွေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာကို တွေ့ရတယ်။ ဆာလီဘာနဲ့ တိုမီယဆုတို့ကို ဒဏ်ရာကြောင့် စောစောစီးစီးပဲ လူစားလဲလှယ်လိုက်ရတာက နောက်ပွဲတွေအတွက်ပါ စိုးရိမ်စရာ ဖြစ်လာခဲ့သလို ဒီပွဲမှာပါ ကစားပုံအားဖြင့် သက်ရောက်မှု ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲချိန်ကြာလာတာနဲ့အမျှ အာဆင်နယ်ရဲ့ ကစားပုံတက်လာပြီး ဂျေးဇု၊ မာတင်နယ်လီတို့အားနဲ့ လစ္စဘွန်း ခံစစ်မှာ နေရာလွတ်တွေ ရှာဖွေလာနိုင်ပါတယ်။ အ‌ဆုံးသတ်တွေသာ ဒီထက်သေချာမယ်ဆိုရင် ပထမပိုင်းကတည်းက (၂) ဂိုးပြတ်သွားနိုင်တဲ့ အခွင့်အရေးတွေလည်း ရခဲ့တယ်။

အသုံးမချနိုင်ခဲ့တာကြောင့် ဂျေင်ဂျင်ညိုရဲ့ အရည်အသွေး မြင့်မားတဲ့ ပေးပို့မှုကနေ ရလာတဲ့ သွင်းဂိုးကသာ ဦးဆောင်ဂိုး ဖြစ်လာခဲ့တာပါ။ ဒီဂိုးမှာ မာတင်နယ်လီရဲ့ ကန်သွင်းချက်ကို လစ္စဘွန်းဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ချာကာရဲ့ ပိတ်သွင်းမှုကိုတော့ လက်လျှော့လိုက်ရတာ ဖြစ်ပါတယ်။ ဂျေးဇုက ကြံ့ခိုင်မှု အားနည်းနေသေးတဲ့ကြားက အရင်လိုမျိုးပဲ ကစားနိုင်ခဲ့ပြီး အဆုံးသတ်အချို့ကတော့ နှမြောစရာ ကောင်းခဲ့တယ်။

စိတ်ပျက်စရာကတော့ ဒုတိယပိုင်းတပိုင်းလုံးမှာ လစ္စဘွန်းရဲ့ ရုန်းကန်အားအောက်မှာ တသင်းလုံး ‌မျောသွားတာပါပဲ။ ဂျေးဇုကို (၄၅) မိနစ်ပိုင်း ကစားခိုင်းဖို့ အစောကတည်းက ရည်ရွယ်ထားခဲ့ပုံရပြီး ဒုတိယပိုင်းအစမှာတင် ထရောဆာဒ်နဲ့ လူစားလဲခဲ့တယ်။

ပထမပိုင်းကတည်းက အန္တရာယ်အချို့ပေးခဲ့တဲ့ လစ္စဘွန်းဟာ ဒုတိယပိုင်းမှာတော့ အရှိန်ပိုမြှင့်နိုင်ခဲ့ပြီး အာဆင်နယ် ကစားကွက်တည်မရ‌အောင် ကစားခဲ့တယ်။ ပြိုင်ဘက်အသင်းက အားသာလာချိန်မှာ ဂျော်ဂျင်ညို၊ ဗီအဲရာတို့ရဲ့ လျင်မြန်မှုက စကားပြောလာခဲ့ပြီး လစ္စဘွန်းရဲ့ အရှိန်အဟုန်ကို လိုက်မမီဖြစ်ခဲ့ကာ နေရာလွတ်နဲ့ အခွင့်အရေးတွေ ပေးခဲ့ရတယ်။

ဒါ‌ပေမယ့် တားဆီးပိတ်ပင်မှုတွေ ကောင်းမွန်တာကြောင့် လစ္စဘွန်း ဂိုးရဖို့ ခက်နေချိန်မှာ မထင်မှတ်ဘဲ ကွင်းလယ်ကနေ ဂွန်ဆာ့ဗ် လှမ်းကန်တာက ကန်ချက်ကောင်းခဲ့တာကြောင့် ရှေ့တက်နေတဲ့ ရမ်စ်ဒဲလ် အငိုက်မိခဲ့ပြီး ချေပဂိုး ဖြစ်သွားတယ်။ အဲဒီအချိန်ကစလို့ လစ္စဘွန်းရဲ့ စိတ်ဓာတ်ပိုင်းကိုပါ မကျော်နိုင် ဖြစ်သွားတယ်။

ပါတေး၊ ဆာကာတို့ပါထည့်ပြီး အခွင့်အရေး ရှာခဲ့ပေမယ့် လစ္စဘွန်းက လုပ်တိုင်းဖြစ်လာပြီး ကျားကုတ်ကျားခဲနဲ့ တားဆီးနေနိုင်တာကြောင့် အချိန်ပိုအထိ ရောက်ခဲ့တယ်။ အချိန်ပိုမှာလည်း အော်ဒီဂွါဒ်ပါ ထပ်ထည့်ပြီး တိုက်စစ်မြှင့်ပေမယ့် လစ္စဘွန်းဂိုးသမား အဒန်က အပိုင်အခွင့်အရေး (၃) ကြိမ်လောက်ကို အံ့အားသင့်ဖွယ်ရာ ကာကွယ်ခဲ့လို့ ကံဆိုးတဲ့ညတည ဖြစ်သွားပါတယ်။

ဒီလိုနဲ့ ပယ်နယ်တီမှာလည်း အဒန်က လက်စွမ်းပြခဲ့ပြီး မာတင်နယ်လီရဲ့ ကန်ချက်ကိုပါ တားဆီးခဲ့တာကြောင့် အာဆင်နယ် ရှုံးချက်နာကာ ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရတယ်။ ရလဒ်ပိုင်းအရ ဒီလိုကြုံတတ်ရတာဟာ အပြစ်ဆိုစရာ မဟုတ်ပေမယ့် တိုမီယဆု၊ ဆာလီဘာတို့ ဒဏ်ရာရသွားပြီး အချိန်ပို၊ ပယ်နယ်တီတွေအထိ ကစားပြီး ပွဲပန်းခဲ့သလို ရလဒ်လည်း ဆိုးခဲ့တာကတော့ ထပ်ဆင့် ရင်နာစရာ ဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဒီပွဲက စိတ်ပျက်စရာတွေကို ချန်ထားပြီး အကောင်းဆုံး ခြေစွမ်းတွေ ‌ပြန်လည်ပြသနိုင်ပါစေလို့ပဲ မျှော်လင့်မိပါတယ်။
~Red Gunner~
Photos Credits