နောက်ထပ်စိန်ခေါ်မှုတခုကို အံ့မခန်း COMEBACK! နဲ့ ကျော်ဖြတ်ခဲ့တဲ့ ဂန်းနားများ
ပွဲအစ တမိနစ်မပြည့်ခင်မှာပဲ ဘုန်းမောက်က ဦးဆောင်ဂိုး ရသွားတယ်။ ဒါကို အာဆင်နယ်က တုံ့ပြန်ဖို့ ကြိုးစားပါတယ်။ တဖက်သတ် ဖိကစားတယ်။ တိုက်စစ်ဆင်တယ်။ အခွင့်အရေးတွေလည်း ရခဲ့တယ်။
ဒါပေမယ့် လိုအပ်တဲ့ဂိုးတွေတော့ ဖြစ်မလာဘူး။ ဒီလိုနဲ့ပဲ ထရောဆာဒ် နာသွားတယ်။ ထောင့်ကန်ဘောကနေတဆင့် ဘုန်းမောက်ကို ဒုတိယဂိုး ထပ်ပေးလိုက်ရတယ်။ ပုံမှန်အတိုင်းဆို ပွဲပြီးသွားပြီ။ သေချာတယ်။ ဒီလိုပွဲမျိုးမှာ ဘာမှမျှော်လင့်လို့ မရတော့ဘူး။ ဒါပေမယ့် … ဒါပေမယ့်ပေါ့။
ဒီရာသီမှာ အသက်ဝိဉာဉ်တခုခု ဝင်ရောက်ပူးကပ်နေပုံရတဲ့ လူငယ်တွေဟာ ချန်ပီယံခရီးလမ်းအတွက် နောက်ထပ် မှော်ဝင်အခိုက်အတန့်တခုကို ထပ်မံထုတ်ပြခဲ့ပြန်တယ်။ နောက်ဆုံးမိနစ် နယ်လ်ဆင်ရဲ့သွင်းဂိုးဟာ အရာရာပဲ။ မျှော်လင့်ချက်တွေအားလုံးဟာ ဟေးအန့်ထွက်ကုန်ရဲ့ ဘယ်ခြေကန်ချက်အောက်မှာ ဆက်လက် အသက်ဆက်ခဲ့တယ်။
နောက်ကြောင်းပြန်ရစ်ပြီး ပွဲရဲ့ ပထမဆုံးမိနစ်က စကြည့်မယ်ဆိုရင်လည်း ဒီပွဲက နိုင်ကို နိုင်သင့်တဲ့ပွဲပါ။ သက်တောင့်သက်သာတောင် နိုင်သင့်ခဲ့တဲ့ပွဲ။ ဘေလင်းရဲ့သွင်းဂိုးသာ မထင်မှတ်ဘဲ ဖြစ်မလာခဲ့ရင် ပထမပိုင်းမှာတင်တောင် ဂိုးပြတ်သွားနိုင်ခဲ့တဲ့ပွဲ ဖြစ်တယ်။ ဂိုးပေါက်ကန်သွင်းခွင့် (၃၀) ကျော် ရခဲ့တယ်ဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ။
ဆာကာ၊ အော်ဒီဂွါဒ်နဲ့ မာတင်နယ်လီတို့ အားထုတ်မှုတွေ အပါအဝင် လွဲချော်ခဲ့ကြတဲ့ အခွင့်အရေးပေါင်းများစွာ၊ ဂိုးပေါင်းများစွာ … တဖက်မှာတော့ ကြံဖန်ပေးလိုက်ရတဲ့ ပေးဂိုး (၂) ဂိုး … ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်နဲ့ VAR အဖွဲ့ရဲ့ နုံချာမှုတွေ … ပင်းမှုတွေ … နေတို အပါအဝင် ဧည့်သည်တွေရဲ့ အချိန်ဆွဲမှုတွေ။
ပါတေးရဲ့ဂိုး စောစောစီးစီး ဖြစ်ခဲ့တာကပဲ ခံသာခဲ့ရတယ်။ ဒီအချိန်မှာ ဒီဂိုးသာမရခဲ့ရင် နောက်ဆုံးမိနစ်အထိတောင် ရင်ခုန်လိုက်ရမှာ မဟုတ်ဘူး။ ပြီးတော့ ဘန်ဝှိုက်ရဲ့ ပထမဆုံးသော သွင်းဂိုး။ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကြောင့် အရာထင်လာတဲ့ အလုပ်တွေ ဖြစ်တယ်။
နယ်လ်ဆင်ကတော့ မှတ်မှတ်ရရ ဖောရက်စ်နဲ့ပွဲမှာ ဂိုးသွင်းအပြီး ကာလရှည် နားခဲ့ရတယ်။ ဘယ်အချိန် ပြန်ကစားနိုင်မလဲ မသိခဲ့ရဘဲ လေ့ကျင့်ရေးကွင်းပုံရိပ်အချို့နဲ့သာ ကျေနပ်ခဲ့ရတာကနေ သွင်းဂိုးတွေနဲ့အတူ မြက်ခင်းစိမ်းထက် ပြန်လာနိုင်တာကို မြင်ရတာ ဝမ်းသာစရာပါပဲ။ ဟေးအန့်ထွက်တွေက အမြဲစိတ်ချရတယ်။
တချိန်လုံး အသင်းအတွက်ဆိုတာချည်းပဲ။ ပွဲမကစားရလည်း အမြဲအသင့်ပဲ။ ဒီလိုအကယ်ဒမီထွက်ကြယ်ပွင့်တွေ အမြဲတောက်ပနေတာကို မြင်ချင်တာ ပရိသတ်တွေရဲ့ ဆန္ဒတွေထဲက တခုပါပဲ။ ဒီဆန္ဒတွေဟာ ဒီရာသီမှာ အမြဲပြည့်နေခဲ့တယ်။ ဒီတပတ်ကတော့ နယ်လ်ဆင်ရဲ့ အပတ်ပေါ့။ ရာသီကုန်မှာ မျှော်မှန်းထားသလို ဖြစ်လာခဲ့ရင် မဖြစ်မနေ ထည့်သွင်းပြောရမယ့် ရက်သတ္တပတ်တခုလည်း ဖြစ်တယ်။
- Posted In:
- Post Match Review