သရေရလဒ်က ကျေနပ်စရာ မဟုတ်ပေမယ့်လည်း လက်ခံရမယ့်ပွဲ
ပရိသတ်တဦးအနေနဲ့ဆို ပွဲရလဒ်ပိုင်းထက် ဆာကာ၊ မာတင်နယ်လီတို့ နောက်ထပ် မိနစ် (၉၀) ပြည့် ပွဲတပွဲကို ကစားလိုက်ရတာပဲ စိတ်မကောင်း ဖြစ်မိတယ်။ ကစားသမားတွေက အလှည့်ကျနာသလို ဖြစ်နေတော့ အရန်ခုံတန်းက အခုထက်ထိ အင်အားတောင့်လာတာမျိုး မရှိဘဲ သူတို့ကိုပဲ တောက်လျှောက် အားကိုးနေခဲ့ရတာပါ။
ထရောဆာဒ်၊ ဂျေးဇုတို့ မြန်မြန် ပြန်ကစားနိုင်ပါစေလို့ပဲ ဆုတောင်းနေရတယ်။ ရှေ့လာမယ့် ဖူလ်ဟမ်၊ စပို့တင်းလစ္စဘွန်းနဲ့ ခရစ္စတယ်ပဲလေ့စ် (၃) ပွဲကတော့ ဒီလူနဲ့ပဲ ရုန်းရဦးမှာပဲ။ မတတ်နိုင်ဘူးလေ။ ဒီလူတွေပဲ လတ်တလောမှာ သုံးရဖို့ ရှိနေတာကိုး။ နည်းပြ အာတေတာအတွက် ခေါင်းခဲစရာ အခြေအနေပါ။
ဒါပေမယ့် ခြေစွမ်းပိုင်းအရတော့ ဒီပွဲဟာ နိုင်ချင်လည်း နိုင်လိုက်လို့ရတဲ့ပွဲမျိုးပါပဲ။ စပို့တင်းလစ္စဘွန်းက ပယ်ဒရို ဂွန်ဆာလက်ဒ်၊ အက်ဝါ့ဒ်နဲ့ ထရင်ကာအိုတို့ကို မနည်းထိန်းခဲ့ရတာဟာ ဂိုးသမား မတ် တာနာနဲ့ လူသစ် ခီဗီယောတို့ကြောင့်သာ ဖြစ်တယ်။
တာနာက ကာကွယ်မှုတွေ ကောင်းပေမယ့် ဘောလုံးကို ခြေထဲကိုင်မထားရဲသေးဘူး။ ပေးပို့မှုတွေ သေသေချာချာ မလုပ်နိုင်သေးဘူး။ ခီဗီယောကတော့ ပွဲဦးထွက်မို့လို ထင်တယ်။ ပွဲကြောင်နေသလိုမျိုးပဲ။ တသင်းလုံးနဲ့ သူတယောက်တည်းက သီးခြားလိုဖြစ်နေခဲ့ပြီး ဂါဘရီယဲလ်နဲ့ လူစားလဲခဲ့ချိန်အထိ အားရစရာ မဖြစ်ခဲ့ပါဘူး။ ဒီထက်ပိုတိုးတက်လာဖို့တော့ မျှော်လင့်မိတယ်။
ခံစစ်ကနေ ကစားကွက် စတင်ချိန်တိုင်း ဒီနှစ်ဦးက အားနည်းချက်လို ဖြစ်နေတာကြောင့် စပို့တင်းရဲ့ Press ထဲက လွတ်ဖို့ မနည်းရုန်းကန်ခဲ့ရသလို ဘောလုံးပျက်ချိန်တိုင်းမှာလည်း တဖက်က တန်ပြန်တိုက်စစ်ကို ခံစားလိုက်ရတာ ဖြစ်တယ်။
တိုက်စစ်ကတော့ ဗီအဲရာ၊ နယ်လ်ဆင်တို့ လိုအပ်ချက် ရှိနေသေးတာကြောင့် စပို့တင်းလစ္စဘွန်း ခံစစ်ကို ထိုးခွဲပစ်နိုင်ပြီး အခွင့်အရေးတွေ အများအပြား ရှာဖွေနိုင်ခဲ့ပါတယ်။ မာတင်နယ်လီရဲ့ အပိုင် အခွင့်အရေး (၂) ကြိမ် ဂိုးမဖြစ်ခဲ့တာက နှမြောစရာကောင်းပြီး (၂-၂) ဂိုးနဲ့သာ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်။
ဦးဆောင်ဂိုးကိုတော့ ဆာလီဘာက သွင်းယူပေးခဲ့ပြီး စပို့တင်းလစ္စဘွန်းက အင်နာစီရိုရဲ့ ထောင့်ကန်ဘော ခေါင်းတိုက်ချက်နဲ့ ချေပဂိုး ရခဲ့သလို ဒုတိယပိုင်းမှာ ပေါ်လင်ညိုရဲ့ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချာကာရဲ့ ကန်ချက်က စပို့တင်းကွင်းလယ်လူ မိုရီတာနဲ့ ထိခဲ့ပြီး လမ်းကြောင်းပြောင်းဝင်သွားတာကနေ အာဆင်နယ် ချေပဂိုး ပြန်ရခဲ့ပါတယ်။
ပြိုင်ဘက်ရဲ့တည်ကန်ဘောတွေကို ပိုမိုထိန်းချုပ်နိုင်အောင် ကြိုးစားဖို့ ထပ်မံအချက်ပေးတဲ့ ပွဲတပွဲလည်း ဖြစ်ခဲ့တယ်။ သရေရလဒ်က ကျေနပ်စရာ မဟုတ်ပေမယ့် ပွဲတိုင်းမနိုင်နိုင်တဲ့ လက်တွေ့တရားကိုတော့ လက်ခံရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဒီပွဲက အမှားတွေကို သင်ခန်းစားယူရင်း အကောင်းဆုံး ဆက်လျှောက်သွားဖို့ပဲ လိုပါတယ်။ နောက်တဆင့် တက်ဖို့အတွက်ကတော့ အိမ်ကွင်း ဒုတိယအကျော့မှာ အခွင့်အရေးအများကြီး ရှိနေတယ်မလား။
- Posted In:
- Post Match Review