ဘာကြောင့် ဒဏ်ရာမကြာခဏ ရနေသလဲဆိုတာ ဖွင့်ဟရင်း အာဆင်နယ်အတွက် အချိန်တိုင်းပေးဆပ်နေကြောင်း ပါတေး ပြော
လာလီဂါမှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ကစားခဲ့စဉ်က ဒဏ်ရာပြဿနာနဲ့ အင်မတန်မှ ကြုံတွေ့ခဲပြီး ကြံ့ခိုင်မှုအကောင်းဆုံး ကစားသမားစာရင်းထဲ ပါဝင်ခဲ့တဲ့ ကွင်းလယ်အင်ဂျင် သောမတ်စ်ပါတေးကတော့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ကြွက်သားဒဏ်ရာကို မကြာခဏ ခံစားနေရသူ ဖြစ်ပါတယ်။
ကာလရှည်နားရတာမျိုး မရှိပေမယ့်လည်း အသင်းအတွက် အလိုအပ်ဆုံးအချိန်တွေမှာ အဆိုပါကြွက်သားဒဏ်ရာကြောင့် ရံဖန်ရံခါ အနားယူနေရတာမျိုးက နည်းပြ အာတေတာနဲ့ ဂန်းနားတွေအတွက်တော့ အမြဲတမ်း စိုးရိမ်စရာ ကိစ္စတခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ် ဇန်နဝါရီဈေးကွက်မှာတော့ ဂျော်ဂျင်ညိုကို ထပ်မံခေါ်ယူလိုက်ခြင်းနဲ့အတူ ဒီပြဿနာကို အတိုင်းအတာတခုအထိ ဖြေရှင်းထားနိုင်ပြီလို့ ဆိုရပါမယ်။
အီတလီသားဟာ ပါတေး ဒဏ်ရာကြောင့် အနားယူနေရစဉ်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဟန်ချက်ကို မပျက်ယွင်းအောင် ထိန်းထားပေးနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ နှစ်ဦးစလုံး ဒဏ်ရာပြဿနာကင်းရှင်းစွာနဲ့ ကစားနေနနိုင်ခြင်းဟာ ရာသီကုန်ပွဲစဉ်တွေအတွက် ဂန်းနားတို့ကွင်းလယ်ဟာ စိတ်ချလက်ချ ဖြစ်သွားခဲ့ပါပြီ။
ပါတေးကတော့ သူမကြာခဏ အနားယူနေရတာဟာ လိဂ်အပြောင်းအလဲ၊ ရေခံမြေခံ အပြောင်းအလဲကြောင့်ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ အသင့်ရှိစဉ်တိုင်းမှာ အာဆင်နယ်အသင်းအတွက် ရေကုန်ရေခမ်း ပေးဆပ်ကစားသွားဖို့ပဲ အမြဲတမ်း အသင့်ပြင်ထားတယ်လို့လည်း ဆိုခဲ့ပါတယ်။
” ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အသားကျမှုတခုဖြစ်အောင် ပြောင်းလဲယူရမှာ ဖြစ်ပါတယ်။ လိဂ်အပြောင်းအလဲ၊ ရေခံမြေခံ အပြောင်းအလဲမှာ ဒီလိုမျိုးအရာတွေက ကြုံတွေ့ရလေ့ ရှိပါတယ်။ ”
” ကျွန်တော်ဟာ တတ်စွမ်းသမျှ အကုန်လုံးပုံအော ကြိုးစားပါတယ်။ အကောင်းဆုံးပုံစံမှာ အမြဲရှိနေအောင် အားထုတ်ပါတယ်။ အသင်းအတွက် အမြဲအကူညီပေးနိုင်ဖို့ကိုပဲ စိတ်ထဲထားပါတယ်။ ကျွန်တော့်အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ အသင့်ဖြစ်နေတိုင်း အသင်းအတွက် အစွမ်းကုန် ကစားပေးဖို့ အသင့်ပါပဲ။ ” လို့ အသက် (၂၉) နှစ်အရွယ် ဂါနာသားကြီးက ပြောပါတယ်။
Ref : Football London
- Posted In:
- Players' Talk