ဇင်ချင်ကိုရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ပြီး စစ်ပွဲနဲ့ပတ်သက်လို့လည်း စာနာနားလည်တယ်လို့ ဆာကာ ဖွင့်ဟ mgsaw

ဇင်ချင်ကိုရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ပြီး စစ်ပွဲနဲ့ပတ်သက်လို့လည်း စာနာနားလည်တယ်လို့ ဆာကာ ဖွင့်ဟ

တောင်ပံတိုက်စစ်ကစားသမားလေး ဘူကာရို ဆာကာကတော့ ဘယ်နောက်ခံကစားသမား အလက်ဇန်းဒါး ဇင်ချင်ကိုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မာကျောသူဖြစ်ပြီး အဆိုပါစိတ်ဓာတ်ခွန်အားတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်နေတာကြောင့် ကလပ်နဲ့ နိုင်ငံနှစ်သင်းစလုံးမှာ အရည်အသွေးမြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ပြသနေတာဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံဆုအတွက် အခြေအနေကောင်းနေကာ အမြင့်ပျံနေသလို ဆာကာနဲ့ ဇင်ချင်ကိုတို့ဟာလည်း နည်းပြ အာတေတာ အဓိကထား အားကိုးနေရတဲ့ လက်ရုံးတွေထဲမှာ အပါအဝင် ဖြစ်နေပါတယ်။

အထူးသဖြင့် ဘယ်နောက်ခံကစားသမားတဦးဖြစ်ပေမယ့် မြင့်မားလှတဲ့ နည်းစနစ်ပိုင်း အရည်အသွေးတွေနဲ့အတူ အာဆင်နယ်အသင်းရဲ့ ကစားကွက်တစ်ခုလုံးကို ချောမွေ့စေသူက ဇင်ချင်ကိုပဲ ဖြစ်ပါတယ်။ ကွင်းလယ်ထဲ ဝင်ပြီး ပါတေး၊ ချာကာ၊ အော်ဒီဂွါဒ်တို့နဲ့ အတွဲညီညီ တွဲဖက်ကစားပြနေရင်း ပြိုင်ဘက်တိုင်းကို ကွင်းလယ်တိုက်ပွဲမှာ အရေးနိမ့်စေခဲ့ပါတယ်။

ရုရှရဲ့ မတရား ကျူးကျော်စစ်ကြောင့် ယူကရိန်းသားတွေအနေနဲ့ စစ်ပွဲနဲ့ ရင်ဆိုင်နေရတဲ့ကြားထဲကနေ ဇင်ချင်ကို တယောက် အခုလို စိတ်ဓာတ်သန်မာစွာ ကစားပြနေတာကို ဆာကာက အထူးသဘောကျနေတာဖြစ်ပြီး စစ်ပွဲနဲ့ပက်သက်လို့လည်း သူ့ဆီ ရင်ဖွင့်နိုင်ကြောင်း၊ အကူအညီပေးနိုင်ကြောင်းနဲ့ ဒီနေ့ (တနင်္ဂနွေနေ့) မှာတော့ ပြိုင်ဘက်အဖြစ် ရှိနေမှာဖြစ်ကြောင်း ဆိုလာခဲ့ပါတယ်။

ယူရို ခြေစစ်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ယူကရိန်းအသင်းတို့ဟာ ဒီနေ့မှာ ထိပ်တိုက်တွေ့ဆုံနေကြတာဖြစ်ပြီး ဆာကာနဲ့ ဇင်ချင်ကိုတို့အနေနဲ့လည်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကစားရတော့မှာပါ။ ” အဲလက်စ် (ဇင်ချင်ကို) ဖြတ်သန်းခဲ့ရသမျှတွေကို ဘယ်သူမှ နားမလည်နိုင်လောက်ပါဘူး။ သူဟာ စိတ်ဓာတ်မာကျောမှုမှာတော့ အံ့မခန်း လူသားတဦး ဖြစ်ပါတယ်။ ”

” သူ့ရဲ့ ဒီလိုစိတ်ဓာတ်ပိုင်း မာကျောမှုနဲ့အတူ အာဆင်နယ်အသင်းအတွက်ရော၊ နိုင်ငံ့အသင်းအတွက်ရော ကစားပြနေတာဟာ တကယ်ကို ချီးကျူးစရာပါပဲ။ သူဟာ အဆိုပါ စိတ်ဓာတ်ခွန်အားတွေကို နည်းမှန်ကမ်းမှန်နဲ့ အသုံးချနိုင်နေတာဟာ သူ့ကို အကျိုးအများကြီး ဖြစ်စေပါတယ်။ ”

” စစ်ပွဲနဲ့ပတ်သက်လို့တော့ ကျွန်တော် သူနဲ့ စကားမပြောဖူးသေးပါဘူး။ ဒါပေမယ့်လည်း သူ ပြောပြချင်ရင်တော့ ကျွန်တော် နားထောင်ပေးနိုင်ပါတယ်။ ကျွန်တော် တတ်နိုင်သမျှ ကူညီပေးနိုင်ပါတယ်။ အဲလက်စ်ဟာ ခံယူချက်ကောင်းသူဖြစ်ပြီး ကျွန်တော့်ရဲ့အသင်းဖော်တဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ မဟုတ်သေးဘူးပေါ့။ ” လို့ ဆာကာက ပြောကြားခဲ့ပါတယ်။

Ref : Mirror