အန်းဖီးလ်မှာ လီဗာပူးလ်ကို အနိုင်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိကြောင်း ချာကာ ပြော
ဝါရင့်ကွင်းလယ်ကစားသမားကြီး ဂရာနစ် ချာကာက ဒီတပတ်မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အနိုင်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ချက်အပြည့်ရှိကြောင်း ပြောလာပါတယ်။
ပွဲစဉ် (၉) ပွဲသာ ကစားဖို့ ကျန်နေတော့ချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို (၈) မှတ်ဖြတ်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်ဆဲ ဂန်းနားတွေဟာ ဒီတပတ်မှာတော့ လိုင်ဗာငှက်တွေကို အန်းဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နည်းပြ မီကေလ် အာတေတာတယောက် ဂန်းနားကစားသမားဘဝကို ဖြတ်သန်းနေဆဲ (၂၀၁၂) ခုနှစ် စက်တင်ဘာလကပွဲမှာ (၂-၀) ဂိုးပြတ်အနိုင်ကစားခဲ့ပြီးနောက်ပိုင်း အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို အန်းဖီးလ်မှာ အနိုင်မရတော့တာ ကြာခဲ့ပြီမို့ ဒီတကြိမ်မှာတော့ အနိုင်ကစားနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
အဲဒီအတွက် တသင်းလုံး ယုံကြည်မှုရှိနေကြောင်း ချာကာက ဖွင့်ဟလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ လီဗာပူးလ်အသင်းဟာ ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် ရုန်းကန်နေရပေမဲ့လည်း လျော့တွက်လို့ မရဘူးလို့ အသင်းဖော်တွေကိုလည်း သတိပေးသွားခဲ့ပါတယ်။
” သူတို့ (လီဗာပူးလ်) ဟာ ဒီရာသီမှာ ဘယ်လောက်ပဲ ရလဒ်ဆိုးနေပါစေ .. ဒါက သိပ်တော့ အရေးမပါလှပါဘူး။ သူတို့ဟာ အန်းဖီးလ်မှာဆိုရင် အမြဲတမ်း အန္တရာယ်ပေးနိုင်စွမ်းအပြည့်ရှိတဲ့ အသင်းတသင်း ဖြစ်ပါတယ်။ ဒီအသင်းကို ကစားရတာဟာ အရမ်းကိုပဲ ခက်ခဲလှပါတယ်။ ” လို့ ချာကာက ပြောပါတယ်။
” ဒါပေမယ့် ကျွန်တော်တို့ကလည်း အဲဒီမှာ နိုင်ပွဲရလိမ့်မယ်လို့ ယုံကြည်ချက်အပြည့် ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကြိုးစားသွားမယ့်အရာပါပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့တွေ ဒီနေရာကို ရောက်နေတာပေါ့။ အန်းဖီးလ်က အပြန်မှာ သုံးမှတ် အရယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ကြတာပေါ့။ ”
ချာကာက ” ကျွန်တော် အရိုးသားဆုံးပြောရရင်တော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်နေပါတယ်။ ရလဒ်တွေကလည်း ကိုယ့်လက်ကိုယ့်ခြေထဲမှာပဲ အပြည့်ရှိနေပါတယ်။ အခုတော့ (၉) ပွဲ ကစားဖို့ ကျန်သေးတယ်။ မန်စီးတီးကို (၅) မှတ်ပဲ ဖြတ်ထားနိုင်တယ်လို့ ဆိုကြပါစို့။ ”
” ဒီလိုမှမဟုတ်လည်း တပွဲပိုကစားထားပြီး (၈) မှတ်ပေါ့လေ။ အရေးကြီးဆုံးကတော့ အခြားအသင်းတွေထက် ကျွန်တော်တို့အသင်းရဲ့ လုပ်နိုင်စွမ်းတွေ … ကျွန်တော်တို့အသင်းရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေပါပဲ။ ” ဆိုပြီး ချာကာက ပြောကြားခဲ့ပါတယ်။
Ref : Standard Sport
- Posted In:
- Players' Talk