နည်းပြ အာတေတာလက်အောက်မှာ ကစားချင်လို့ကို အာဆင်နယ်ဆီ ပြောင်းလာခဲ့တာလို့ ဇင်ချင်ကို ဖွင့်ဟ mgsaw

နည်းပြ အာတေတာလက်အောက်မှာ ကစားချင်လို့ကို အာဆင်နယ်ဆီ ပြောင်းလာခဲ့တာလို့ ဇင်ချင်ကို ဖွင့်ဟ

ဘယ်နောက်ခံကစားသမား အလက်ဇန်းဒါး ဇင်ချင်ကိုကတော့ အာဆင်နယ်အသင်းကို အကောင်းဆုံး ဦးဆောင်ပြနေတဲ့ နည်းပြ အာတေတာရဲ့လက်အောက်မှာ ကစားချင်လို့ကို အမ်းမရိတ်မြေဆီ ပြောင်းရွှေ့ဖို့ အရင်ကတည်းက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

ဂန်းနားတို့ဟာ ဒီနှစ်ရာသီမှာ အကောင်းဆုံးသော ခြေစွမ်းတွေနဲ့ အမြင့်ပျံနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီသိမ်းဖို့ (၁၀) ပွဲလောက်သာ ကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ် (၈) မှတ်ဖြတ်ထားနိုင်တာကြောင့် ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်အား ကောင်းနေပါတယ်။

ရာသီအစက ထိပ်ဆုံးလေးသင်းစာရင်း ဝင်ရောက်နိုင်ရေးအတွက်သာ အားလုံးက မျှော်မှန်းထားခဲ့တဲ့အသင်းဟာ ဇင်ချင်ကိုနဲ့ ဂျေးဇုတို့လို အရည်အသွေးမြင့် ကြယ်ပွင့်တွေ ရောက်ရှိလာမှုကြောင့်လည်း တမဟုတ်ချင်း ပြောင်းလဲသွားခဲ့တာဖြစ်ပြီး (၂) ဦးစလုံးဟာ နည်းပြ အာတေတာအတွက် အားကိုးရတဲ့ ကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။

” ကျွန်တော် အာဆင်နယ်အသင်းဆီ စတင်ရောက်ချိန်လာခဲ့ချိန်တုန်းက ကစားသမားတွေ၊ ဝန်ထမ်းတွေအပါအဝင် အားလုံးရဲ့ အရည်အသွေးတွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ကျွန်တော် ပြောဖြစ်တော့တာပါပဲ။ ငါတို့မှာ ကြီးမားတဲ့အရာတွေ ရနိုင်တဲ့ အရာအားလုံး ရှိနေတယ်။ ထိပ်ဆုံးလေးသင်းစာရင်းလောက်ကတော့ စဉ်းစားစရာ မလိုဘူးဆိုပြီး … အဲဒီကနေ စတင်ခဲ့ပါတယ်။ ”

” ကျွန်တော်တို့ အိပ်ရာမဝင်မီမှာ တစ်ခုခုကို စိတ်ကူးပုံဖော်ကြည့်မိကြတယ်မလား။ ကလေတွေဆိုလည်း ဒီလိုပဲလေ။ တစ်ခုခုကို အိပ်မက်မက်နေတော့တာပါပဲ။ ဒါဟာ ကောင်းမွန်တဲ့အရာပါ။ ကျွန်တော်တို့တွေ အိပ်မက်ရပါမယ်။ ဘာကြောင့်ဆို တစ်နေ့နေ့မှာ ဖြစ်လာနိုင်တယ်လေ။ ဘဝမှာ အရာအားလုံး ဖြစ်နိုင်ပါတယ်။ ” လို့ ဇင်ချင်ကိုက ဆိုပါတယ်။

” ကျွန်တော်တို့မှာ ခေါင်းဆောင်တွေ အများကြီး ရှိနေတယ်။ ကွင်းထက်မှာ ဘာမှပြောင်းလဲသွားခြင်း မရှိပါဘူး။ အဝတ်လဲခန်းမှာလည်း ခေါင်းဆောင်တစ်ဦး ရှိတယ်။ ပွဲတွေ ခပ်များများ မကစားရသူဟာလည်း အသင်းနဲ့အတူ ရှိနေပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်နေနိုင်တာပဲ။ အသင်းကို ခွန်အားတွေ၊ အကူအညီတွေ၊ အကြံဉာဏ်တွေ ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အတွက်ကိုယ် ကစားနေရင် ပွဲတွေနိုင်ဖို့၊ ဆုဖလားတွေရဖို့က မဖြစ်နိုင်သလောက်ပဲလေ။ ”

အာဆင်နယ်ဆီ ဘာကြောင့်ပြောင်းရွှေ့ခဲ့ရသလဲဆိုတာကိုလည်း ဇင်ချင်ကိုက ” ကျွန်တော် ကိုယ့်ကိုကိုယ် ကတိပေးထားတာ ရှိတယ်။ တစ်နေနေ့ စီးတီးကနေ ထွက်ခွာရပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် နည်းပြတစ်ဦးရဲ့လက်အောက်မှာပဲ ကစားချင်တယ်။ အဲဒီနည်းပြက မီကေလ် အာတေတာ ဖြစ်ရမယ်ဆိုပြီး။ ”

” မီကေလ်တစ်ယောက် မန်စီးတီးကနေ ထွက်ခွာသွားတုန်းကအချိန်ကို ကျွန်တော် အမှတ်ရနေပါသေးတယ်။ ကျွန်တော့်ခံစားချက်တွေကိုတောင် မထိန်းနိုင်ခဲ့ဘူး။ ဒီဘဲက ကျွန်တော့်အတွက် အရမ်းကောင်းလွန်းသူပါ။ ကျွန်တော်ကို အများကြီး သင်ကြားပေးခဲ့သူ ဖြစ်ပါတယ်။ ”

” သူဟာ တကယ့်လူတော်တစ်ဦးပါ။ လူငယ်တွေနဲ့ ကျွန်တော်တို့နဲ့ အလုပ်လုပ်ပုံ၊ လေ့ကျင့်ရေးကွင်းမှာ သင်ကြားပြသပေးပုံတွေဟာ အရမ်းကောင်းပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်တိုင်းမှာ သူဟာ အားလုံးကို အကြံဉာဏ်တွေ ပေးနိုင်သူ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ အရမ်းကောင်းတဲ့ အကြံဉာဏ်တွေ ဖြစ်ခဲ့ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Daily Mail