ကစားသမားဘဝ၊ အသင်းဖော်တွေနဲ့ နည်းပြအာတီတာအပေါ် အမြင်ကို ဖွင့်ဟခဲ့တဲ့ ဇင်ချန်ကို
Game4Ukraine ရန်ပုံငွေပွဲမတိုင်ခင် ဇင်ချန်ကိုက ရီယို ဖာဒီနန်ရဲ့ FIVE ယူကျုချန်နယ်မှာ စကားပြောဆိုခဲ့ပြီး ဂန်းနားနောက်ခံလူက ကစားသမားဘဝ၊ အသင်းဖော်တွေနဲ့ နည်းပြ အာတီတာအပေါ် အမြင်တွေကို မျှဝေခဲ့ပါတယ်။
မေး- နေရာအတွက် ယှဉ်ပြိုင်မှုတွေအပေါ်။
ဖြေ- လေ့ကျင့်ရေးအစီအစဉ်မှာ ခင်ဗျား ၁၀၀ ရာခိုင်နှုန်း မလုပ်နိုင်ရင် ခင်ဗျားနေရာကို ဝင်ယူမယ့်လူက နောက်မှာ ၅ ယောက်လောက်ရှိတယ်။ ခင်ဗျားနေရာအတွက်၊ ခင်ဗျား အဲဒီနေရာမှာ ရှိနေဖို့ ထိုက်တန်တယ်ဆိုတာကို နေ့တိုင်း ၁၀၀ ရာခိုင်နှုန်း သက်သေပြနိုင်ဖို့ လိုတယ်။ ခင်ဗျား ၁၀၀ ရာခိုင်နှုန်း မပြသနိုင်ရင် အဲလက်စ်ရေ ငါ ဒီမှာရှိတယ်နော်ဆိုပြီး ခင်ဗျားကို တွန်းအားပေးနေတဲ့ လူအချို့ကရှိနေပါတယ်။
မေး- အသင်းဟောင်းမန်စီးတီးနဲ့ အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းအပေါ်ရော။
ဖြေ- ပြီးခဲ့တဲ့ရာသီက စခဲ့တာပါ။ အထူးသဖြင့် ပထမ ၃ လအပြီးမှာပေါ့။ ကျွန်တော်တို့က လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ အရည်အသွေးတွေက ရှိနေလို့ပါ။ ကျွန်တော်တို့မှာ ထိပ်တန်းကစားသမားတွေ၊ အံ့အားသင့်စရာနည်းပြအဖွဲ့ဝင်တွေ၊ ခွန်အားတွေ၊ စိတ်ဆန္ဒပြင်းပြမှုတွေ ရှိတယ်။ အားလံးက အရမ်းကို ကြိုးကြိုးစားစားအလုပ်လုပ်နေကြတယ်။ ဒါက အဓိကသော့ချက်လို့ ကျွန်တော် ထင်ပြီး အားလုံးက သူတို့ကိုယ်သူတို့ တိုးတက်လာချင်တဲ့ဆန္ဒရှိကြတယ်။
မေး- အာတီတာကို မြင်မြင်ချင်း စိတ်ထဲမှာ ဘယ်လိုဖြစ်ခဲ့လဲ။
ဖြေ- မီခေးလ်က နည်းပြဖြစ်နိုင်တယ်ဆိုတာကို ခင်ဗျား ချက်ချင်းကို မြင်နိုင်ပါလိမ့်မယ်။ ပထမဆုံးနေ့ကတည်းက သူက မှော်ဆန်တဲ့နည်းပြဖြစ်လိမ့်မယ်ဆိုတာ မြင်ခဲ့တယ်။ မီခေးလ်က ဂွါဒီယိုလာနဲ့ အနီးစပ်ဆုံးတူတဲ့နည်းပြတစ်ဦးဆိုတာ သေချာတယ်။ ခင်ဗျား သိပါတယ်။ မီခေးလ်မှာရှိနေတဲ့ စိတ်အားထက်သန်မှုလိုမျိုးပေါ့။ သူက အနိုင်ရရှိသူလို့ ကျွန်တော် ပြောခဲ့တယ်။ သူက အနိုင်ရတာကို နှစ်သက်တယ်။ သူ ရှုံးရတာကို မုန်းတယ်။
မေး- ခင်ဗျားရဲ့ inverted အခန်းကဏ္ဍက ပြိုင်ဘက်အသင်းတွေအတွက် တန်ပြန်ဖို့ ဘယ်လို ခက်ခဲစေလဲ။
ဖြေ- ခင်ဗျားသာ တခြားအသင်းက နည်းပြဆိုရင် ခင်ဗျားက ဆိုပါစို့ ၄-၄-၂၊ ၄-၃-၃ နဲ့ ကစားတယ်။ high pressing နဲ့ပတ်သက်ပြီး ခင်ဗျား ဘာလုပ်မှာလဲ။ ကျွန်တော် ကွင်းလယ်ကို ဝင်သွားပြီး ကျွန်တော်တို့ ခံစစ်မှာ ၃ ဦးနဲ့ ကစားတယ်ဆိုရင် ခင်ဗျားရဲ့ ညာတောင်ပံကစားသမားကို ခင်ဗျား ဘာပြောမှာလဲ။ တကယ်လို့ ညာတောင်ပံကစားသမား(ပြိုင်ဘက်)က ကျွန်တော့်နောက်လိုက်လာရင် ကျွန်တော့်အလုပ်က ပြီးပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ မာတီနယ်လီ ဒါမှမဟုတ် ဆာကာကို တစ်ယောက်ချင်းအနေအထားဖြစ်အောင် ကျွန်တော် လုပ်ပေးနိုင်ခဲ့ပြီမို့လို့ပါ။ ကျွန်တော် တစ်ပွဲကို သူတို့ကို ဘောလုံးအကြိမ် ၅၀ လောက်ပေးတယ်။ သူတို့ကို နေရာလွတ်ချန်ထားပေးတယ်။ ကျွန်တော့်အလုပ်က ပြီးပြီ။ ကျွန်တော်က ပြိုင်ဘက်တွေကို ကျွန်တော့်ဆီလာအောင် ဆွဲဆောင်ရတာပါ။
မေး- အသင်းကို ပြောင်းလာချိန်မှာ အာဆင်နယ်မှာ ကင်းမဲ့နေတဲ့အရာက ဘာလဲ။
ဖြေ- ပထမဆုံးလေ့ကျင့်ရေးအပြီးမှာ မီခေးလ်ရဲ့ လက်ထောက်တွေထဲက တစ်ဦးနဲ့ စကားပြောခဲ့တယ်။ ကျွန်တော်တို့မှာရှိနေတဲ့အရည်အသွေးက မယုံနိုင်စရာကောင်းတယ်ဆိုတာကို ကျိန်ပြောရဲတယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့်ရဲ့ တစ်ဦးချင်းအမြင်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့တွေ လုပ်နိုင်တယ်ဆိုတာကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်ခဲ့တဲ့ မျက်လုံးအချို့ကိုလည်း ကျွန်တော် မြင်ရတယ်။ ကျွန်တော် မသိဘူး။ အသက်အရွယ်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တော်တော်လေး ငယ်တဲ့အသင်းဖြစ်နေလို့ပါ။ ခင်ဗျား ဘောလုံးကစားတာ ကောင်းနိုင်ပေမယ့် အတွေ့အကြုံကတော့ အတွေ့အကြုံပဲလေ။ ခင်ဗျား အေးဆေးဖြစ်နေဖို့လိုတယ်။ ကျွန်တော်တို့က အဲဒီလမ်းကြောင်းပေါ်မှာ ရှိနေပြီလို့ ထင်ပါတယ်။
မေး- မီဒီယာတွေဝေဖန်မှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ။
ဖြေ- ခင်ဗျားရဲ့ အမြင်ကို သိရတဲ့အခါမှာ ကျွန်တော် အဲဒါကို အရမ်းနှစ်သက်တယ်။ ဂယ်ရီ နဗီး၊ ကာရေဂါတို့ရဲ့ အမြင်က ကျွန်တော့်အတွက်တော့ လုံးဝကို စိတ်ကျေနပ်စရာပါ။ ကျွန်တော် အဲဒီလို ပြောတာကို နှစ်သက်တယ်။ ကျေးဇူးပြုပြီး ခင်ဗျား ပြောနိုင်သလောက် ပြောပေးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာရှိနေခဲ့လို့ပါ။ ခင်ဗျားတို့ပွဲတွေကို ကလေးဘဝတုန်းက ကြည့်ခဲ့ရလို့ပါ။ ခင်ဗျားတို့အားလုံးက ကျွန်တော့်အတွက်တော့ လုံးဝကို ဂန္တဝင်တွေပါပဲ။ နားထောင်။ ကျွန်တော်တို့အားလုံး အလုပ်တွေ လုပ်မိကြတယ်။ ကျွန်တော်ဆိုလိုတာ ကွင်းထဲမှာပါ။ ကျွန်တော် ခင်ဗျားတို့ စကားတွေ၊ ခင်ဗျားတို့ ထင်မြင်ချက်တွေကနေ လေ့လာသင်ယူတယ်။ ဒါက ကျွန်တော့်အတွက် ကောင်းပါတယ်။
မေး- နွေရာသီအပြောင်းအရွှေ့စျေးကွက်အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ- ကျွန်တော် အခုအထိ လေ့ကျင့်ရေးမှာ မြင်ခဲ့ရတာတွေက အရမ်းကောင်းမွန်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်တော် အခုအထိ အသင်းနဲ့ လေ့ကျင့်ရေးမလုပ်ရသေးဘူး။ သူတို့တွေက ကစားသမားတွေအဖြစ်နဲ့ ဘယ်လိုမျိုး အရည်အသွေးတွေရှိလဲ၊ ကွင်းထဲမှာ ဘာတွေလုပ်နိုင်လဲဆိုတာကို ကျွန်တော် သိခဲ့တယ်။ သူတို့တွေအားလုံးက အံ့အားသင့်စရာကောင်းတဲ့လူတွေပါ။ သူတို့တွေက အသင်းကို အရည်အသွေးတွေအများကြီးယူဆောင်လာပေးလိမ့်မယ်လို့ ထင်တယ်။ အသင်းအတွက် အရမ်းကောင်းပါတယ်။ အောင်မြင်တဲ့ အပြောင်းအရွှေ့စျေးကွက်ဆိုတာ သေချာပါတယ်။
မေး- ဂျေးဇု ဂိုးတွေ ပိုသွင်းယူနိုင်မယ်လို့ ထင်လား။
ဖြေ- အဲဒါက ကျွန်တော့်ရဲ့ တစ်ဦးတည်းထင်မြင်ချက်ပါ။ ကျွန်တော် သူ့ကို အရမ်းနှစ်သက်တယ်။ ဒါပေမယ့် သူ နည်းနည်းလေး ပိုကောင်းရင်ကောင်းမယ်။ ဘာလို့လဲဆိုတော့ သူက အသင်းကို ကူညီချင်တယ်။ သူ ပါဝင်ချင်တယ်။ သူ ဂိုးတွေအများကြီး သွင်းယူချင်တယ်။ ကျွန်တော် ဂါဘီကို ပြောနေကျစကားရှိပါတယ်။ မင်းကို ငါ ဆရာလုပ်တာမဟုတ်ပါဘူး။ ဒါပေမယ့် ၃ ကြိမ်ဆက်တိုက် လဲကျမယ့်အစား ၁ ကြိမ်လဲကျပြီး ၂ ကြိမ်သာ မလဲကျဘဲနေနိုင်ရင် မင်းရဲ့ ကိန်းဂဏန်းတွေက ရှိလာလိမ့်မယ်ဆိုတာ ကတိပေးတယ်ဆိုတာပါ။
မေး- ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်က ခံစစ်ပိုင်းအမှားတွေနဲ့ပတ်သက်ပြီး သင်ယူနေမှုအပေါ်။
ဖြေ- ကျွန်တော် အာရုံစိုက်မှု ပျောက်ဆုံးသွားတယ်။ ကျွန်တော် ဒီအခိုက်အတန့်ကို အကြိမ်ပေါင်းများစွာ ပြန်ကြည့်ခဲ့တယ်။ ကျွန်တော် ဒီအမှားကနေ နောက်ဆုံးမှာ ပြောနိုင်တာက အာရုံစိုက်ထားဆိုတာပဲ။ ဒီလိဂ်မှာ ခင်ဗျား စက္ကန့်ပိုင်းလောက် အာရုံစိုက်မှု ပျောက်ဆုံးသွားရင် ခင်ဗျား သေပြီပဲ။ အဲဒါပဲ။ ပြိုင်ဘက်တွေက ခင်ဗျားကို ပြင်းပြင်းထန်ထန် ထိုးနှက်လိမ့်မယ်။ ခင်ဗျား နောက်ထပ်တစ်ကြိမ် ပြန်မထနိုင်တော့ဘူး။ အဲဒီတော့ ခင်ဗျားရဲ့ အမှားတွေကို ပြန်ကြည့်ဖို့ လိုပါတယ်။
မေး- ဆာလီဘာရဲ့ အရည်အချင်းအပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ- ဆာလီဘာဟာ ရိုးလ်စ်ရွိက်လိုပဲ။ အရမ်းကောင်းတယ်။ တော်တယ်။ ငါသူ့ကို အရမ်းချစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အာဆင်နယ်ကို မရောက်လာခင်က ကျွန်တော်သူ့ကို မသိဘူးဗျ။ အာဆင်နယ်လေ့ကျင့်ရေးကွင်း စရောက်တော့ သူ့ကိုတွေ့တော့ “သူက ဘယ်သူလဲ” လို့ မေးခဲ့ဖူးတယ်။ အဲဒီနောက် ပထမပွဲအဖြစ် ချဲလ်ဆီးအသင်းနဲ့ ရာသီကြို ချစ်ကြည်ရေးပွဲကစားခဲ့ကြတယ်။ သူကစားသွားတာ အမှားတစ်ခုမှ မရှိခဲ့ဘူး။ သူက ဘယ်တော့မှ အမှားမလုပ်ခဲ့ဘူး။ အဲဒီနောက် ဘုန်းမောက်နဲ့ပွဲမှာ ထူးရှယ် ဂိုးသွင်းယူလိုက်တာ မြင်ရပြီး ကျွန်တော် အံ့သြ ဒူးထောက်သွားမိတယ်။ ကျွန်တော် ပြောခဲ့တယ်။ သူက အရာရာကို လုပ်နိုင်တယ်။ အရာအားလုံးကိုလုပ်နိုင်တယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Players' Talk
- Team News