မျှတတဲ့ သရေပွဲတပွဲ ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြုလာတဲ့ ဂရာနစ် ချာကာ
စပို့တင်းလစ္စဘွန်းလို အသင်းမျိုးကို အဝေးကွင်းပွဲစဉ် သွားရောက်ရင်ဆိုင်ရာမှာ အာဆင်နယ်အသင်းအနေနဲ့ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ပွဲဟာ မျှတတဲ့ သရေပွဲတပွဲ ဖြစ်တယ်လို့ ကွင်းလယ်ကစားသမားကြီး ဂရာနစ် ချာကာက ယုံကြည်နေပါတယ်။ ရလဒ်ပိုင်းအရ အာဆင်နယ်အသင်း နောက်တဆင့် တက်ရောက်နိုင်ဖို့ရာလည်း အားသာနေသေးတယ်လို့ ဆွစ်ဇာလန်သားကြီးက ဆိုပါတယ်။
ပုံမှန်ပွဲထွက်လူစာရင်းကို (၆) နေရာအထိ အပြောင်းအလဲလုပ်ခဲ့တဲ့ ဂန်းနားတွေဟာ အဆိုပါပွဲမှာ ဟန်ချက်ညီမှုမျိုး ပျောက်ဆုံးနေခဲ့ပြီး အင်နာစီရို၊ ပေါ်လင်ညိုတို့ရဲ့ သွင်းဂိုးတွေကို အလွယ်တကူ ခွင့်ပြုခဲ့ရကာ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆာလီဘာရဲ့ ထောင့်ကန်ဘော ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရခဲ့သလို ဒုတိယပိုင်းမှာလည်း ချာကာရဲ့ ကန်ချက်က စပို့တင်းလစ္စဘွန်းကွင်းလယ်လူ မိုရီတာနဲ့ လမ်းကြောင်းပြောင်းဝင်တာကြောင့် (၂) ဂိုးစီ သရေရလဒ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ ပွဲအပြီးမှာတော့ ချာကာက ” ကျွန်တော်တို့ ဒီပွဲမတိုင်မီကတောင် ပြောဖြစ်နေပါသေးတယ်။ ပါးနပ်စွာ ကစားရမယ့် ပွဲတပွဲ ဖြစ်တယ်ဆိုပြီး။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းအနေနဲ့ နှစ်ကျော့ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါးနပ်စွာ ကစားတတ်ဖို့ လိုပါတယ်။ ”
” ဒီအတိုင်းပဲ ခပ်ရိုးရိုးသာ သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့အသင်းအနေနဲ့ (၃-၁) ဂိုး၊ (၄-၁) ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ ရင်ဆိုင်သွားရနိုင်ပြီး ပြန်လာနိုင်ဖို့က အရမ်းခက်ခဲသွားမှာပါ။ ဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ အနိုင်ရနိုင်တဲ့ ခြေစွမ်းမျိုး ရှိခဲ့သလို ရှုံးနိမ့်သွားနိုင်တဲ့ အခြေအနေမျိုးနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ”
” ဆိုတော့ နှစ်သင်းစလုံးအတွက် သရေရလဒ်က မျှတတယ်လို့ ကျွန်တော် မြင်ပါတယ်။ အဆင်ပြေတဲ့ ရလဒ်တခုပါ။ အခုတော့ ဒုတိယအကျော့ပွဲစဉ်အတွက် ကျွန်တော်တို့ အာရုံစိုက်ရပါတော့မယ်။ ကျွန်တော်တို့အသင်းက ဦးဆောင်ဂိုး ရပြီးကာမှ ပေးဂိုး (၂) ဂိုးကို ခပ်လွယ်လွယ်ပဲ ခွင့်ပြုလိုက်တာ ဖြစ်တယ်။ ဒီလိုအဆင့်မျိုးမှာ ဒါမျိုး ဖြစ်လို့မရပါဘူး။ ”
” ကျွန်တော်တို့ (၂-၂) ဂိုး ဆိုတဲ့ ရလဒ်နဲ့ ပြန်လာနိုင်ခဲ့တယ်။ လန်ဒန်မှာတော့ ဒီပွဲကို အဆုံးသတ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ သူတို့ဟာ အသင်းကောင်းတသင်း ဖြစ်ပါတယ်။ ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ ခံစစ်ကစားတာလည်း အရမ်းစနစ်ကျတဲ့အသင်းတသင်းဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ပိုကောင်းဖို့ လိုအပ်ပါတယ်။ ”
” ပရိသတ်တွေရဲ့အားပေးမှုကတော့ မယုံနိုင်စရာပါပဲ။ ဒီရာသီမှာ သူတို့အတွက် တခုခု ပြန်ပေးနိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကိုပဲ ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားပါမယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Ref : Arsenal Official
- Posted In:
- Players' Talk