အာဆင်နယ်ရဲ့ ကြီးမားတဲ့အပြောင်းအရွှေ့ကို ကြားဝင်ခဲ့တဲ့ အိုဇေးလ် user

အာဆင်နယ်ရဲ့ ကြီးမားတဲ့အပြောင်းအရွှေ့ကို ကြားဝင်ခဲ့တဲ့ အိုဇေးလ်

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်အထိ အလွန်ထူးခြားကောင်းမွန်တဲ့ အပြောင်းအရွှေ့ကာလကို ဖြတ်သန်းနေပေမယ့်လည်း ဂန်းနားကွင်းလယ်ဖန်တီးရှင်ဟောင်း အိုဇေးလ်က အာတီတာရဲ့ နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့ကို ဟန့်တားခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ ချဲလ်ဆီးအသင်းကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပြီး ဒီကလန် ရိုက်စ်နဲ့ ယူရီယန် တင်းဘားတို့ကို ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်း၊ အိုင်းယက်စ်တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နောက်ထပ်သတင်းထွက်နေတဲ့ ကစားသမားကတော့ ဖီနာဘာချီလူငယ်ကြယ်ပွင့် အာဒါ ဂူလာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတွေမှာ တူရကီထိပ်သီးအသင်းကြီးအတွက် တောက်ပခဲ့တာကြောင့် ဥရောပအသင်းကြီးအချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

 

တူရကီမက်ဆီလို့ တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့ အာဒါ ဂူလာကို အာဆင်နယ်အသင်းက စောင့်ကြည့်နေခဲ့တာ တော်တော်လေးကြာခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ဖီနာဘာချီလူငယ်ကြယ်ပွင့်လေးကို စိတ်ဝင်စားကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

အာဒါ ဂူလာဟာ ကြီးမားတဲ့ အပြောင်းအရွှေ့ ပြုလုပ်မယ့် အစီအစဉ်ရှိနေပေမယ့်လည်း အိုဇေးလ်က ကြားဝင်တားဆီးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး စပိန်သတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ဂူလာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အကြံဉာဏ်အချို့ ပေးခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်က ဂူလာအနေနဲ့ ကစားသမားဘဝ ဆက်လက် တိုးတက်အောင် အချိန်တစ်ခုလောက်အထိ ဖီနာဘာချီအသင်းနဲ့ ဆက်နေသင့်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပြီး အသက် ၁၈ နှစ်အရွယ်ကစားသမားကို အခုလိုအချိန်မှာ ပွဲကစားချိန်ရဖို့ကိုပဲ ပိုပြီး တွေးသင့်တယ်လို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မီဆွတ် အိုဇေးလ်အနေနဲ့ ဂူလာရဲ့ အလားအလာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာဟာ ယခုအကြိမ်က ပထမဆုံးအကြိမ်မဟုတ်ဘဲ အသက် ၁၈ နှစ်အရွယ်ကစားသမားရဲ့ ဖီနာဘာချီ ပထမအသင်းမှာ ခြေစွမ်းပြသမှုအပြီး ပြောဆိုရာမှာ “စူပါဂိုးနဲ့ စူပါဂိုးဖန်တီးမှု။ အရည်အသွေးရှိတဲ့ကစားသမား။ မင်းက ကမ္ဘာ့ကြယ်ပွင့်ဖြစ်လာလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်လာခဲ့တာကတော့ ဘာစီလိုနာဥက္ကဌ ယိုအန်း လာပေါ်တာက ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ဂူလာကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီးဖြစ်ပြီး ဘာဆာအားကစားဒါရိုက်တာသစ် ဒေကိုက ဆွေးနွေးဖို့အတွက် အစ္စတန်ဘူလ်ကို ခရီးထွက်ခွာခဲ့တာဖြစ်ပါတယ်။

“သူက အရမ်းငယ်ရွယ်သေးတဲ့ကစားသမားပါ။ ကျွန်တော်တို့ ကင်းထောက်တွေက သူ့ကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဥရောပက အသင်းကြီးအများအပြားကလည်း သူ့ကိုလိုချင်ကြတယ်။ ကျွန်တော်တို့ ဖီနာဘာချီနဲ့ စကားပြောနေတယ်”လို့ ဒေကိုက Mundo Deportivo ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂူလာဟာ ပြီးခဲ့တဲ့ရာသီမှာ ဖီနာဘာချီအသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပြီး အိုဇေးလ်က လူငယ်ကွင်းလယ်ကစားသမားကို အသင်းမပြောင်းဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အသက် ၁၈ နှစ်အရွယ်ကစားသမားရဲ့ နည်းပြဟောင်းဖြစ်သူ အီရိုးလ် တိုဂိုဇလာက အနှေးနဲ့အမြန် အပြောင်းအရွှေ့ ပြုလုပ်လိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

“အာဒါက တူရကီမှာ အကြာကြီးနေလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ဆီကနေ ကမ်းလှမ်းမှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ တစ်ပွဲကစားပြီးတိုင်း ဒီလိုမျိုး ခေါ်ယူချင်တဲ့အသင်းတွေက မြင့်တက်လာပါလိမ့်မယ်။ အာဒါအတွက် ယူရိုသန်း ၂၀ ကနေ ၃၀ လောက် ကမ်းလှမ်းမှုတွေက သာမန်ပါပဲ”လို့ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet