အာတီတာကို ရှင်းလင်းတဲ့သတင်းစကားပေးပို့လိုက်တဲ့ တောင်ပံကြယ်ပွင့်
အာဆင်နယ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နီကိုလာ ပေပေရဲ့ အနာဂတ်ဟာ အမ်းမရိတ်စ်မှာ မရှိတော့တဲ့ပုံပေါ်ပြီး လိုင်လီကြယ်ပွင့်ဟောင်းဟာ ၂၀၁၉ နွေရာသီမှာ ပေါင် ၇၂ သန်းနဲ့ မြောက်လန်ဒန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အိုင်ဗရီကို့စ် လက်ရွေးစင်တောင်ပံကစားသမားဟာ ၂၀၁၈-၂၀၁၉ ရာသီကို လီဂူးဝမ်းကလပ်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အဲဒီလိုခြေစွမ်းမျိုးပြသနိုင်စွမ်းမရှိခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ပေပေဟာ ပြင်သစ်ကို အငှားပြန်ချခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကို လီဂူးဝမ်းကလပ် နိစ်အသင်းနဲ့အတူ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒဏ်ရာကြောင့် ရာသီ နောက်ဆုံးအပိုင်းကို လွဲချော်ခဲ့ပြီး ရာသီကြို လေ့ကျင့်ရေးမတိုင်ခင် လန်ဒန် ကိုလ်နီ လေ့ကျင့်ရေးကွင်းကို ပြန်လာခဲ့ပုံမပေါ်ခဲ့တာဖြစ်ပါတယ်။
အမှန်တကယ်လည်း နီကိုလာ ပေပေဟာ လက်ရှိမှာတော့ အားကစားရုံမှာ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရေးတွေ ပြုလုပ်နေတဲ့ ဗီဒီယိုကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး အခုလောလောဆယ်မှာ လေ့ကျင့်ရေးအစီအစဉ်ကို အပြည့်အဝ ပါဝင်ဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုမျိုး မရှိသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့အပတ်က တင်ခဲ့တဲ့ ဗီဒီယိုဖိုင်အချို့မှာ သီးသန့် ထရိန်နာနဲ့အတူ ပြန်လည်ကုစားရေး အစီအစဉ်တွေကို လုပ်ဆောင်နေတာကို တင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ ညာဘက်ဒူးကို ကုသမှုအချို့ ခံယူနေတဲ့အကြောင်းကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အာဆင်နယ်ကို ပြန်လာမှာပါ။ ကျွန်တော် အပြီးသတ်ဝယ်ယူခွင့်မပါတဲ့ အငှားစာချုပ်နဲ့ အငှားချခံခဲ့ရတာပါ။ အဲဒီတော့ ကျွန်တော် အာဆင်နယ်ကို ပြန်သွားရမှာပါ။ ကျွန်တော့်အနာဂတ်အကြောင်းကို မသိသေးပါဘူး။ ကျွန်တော် ပြန်ရောက်တဲ့အခါကျရင် နည်းပြ၊ အားလုံးနဲ့ စကားပြောသွားမှာဖြစ်ပြီး အားလုံးရဲ့ စိတ်ကူးက ဘာလဲဆိုတာကို ကြည့်မှာပါ။ ပြီးရင်တော့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချမှတ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk
- Team News