အာဆင်နယ်အနေနဲ့ ဒုတိယရရင် ပျော်သင့်တယ်လို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ coyg

အာဆင်နယ်အနေနဲ့ ဒုတိယရရင် ပျော်သင့်တယ်လို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာက အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးတာက ၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အဆုံးသတ်နိုင်မှာဖြစ်တာကြောင့် အောင်မြင်မှုဖြစ်တယ်လို့ ခံစားနေရပါတယ်။

မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့က အာဆင်နယ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီဖြစ်ပြီး ဂန်းနားတွေနဲ့ ၂ မှတ်ကွာနေပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက ၂ ပွဲလျော့နေတာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တော့မယ့်ပုံပေါ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီအစောပိုင်းမှာ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး အများစုက ဂန်းနားတွေဟာ ၁၉ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးမှာတော့ ကိုင်မြှောက်နိုင်တော့မယ်လို့ ထင်မြင်ခဲ့ပေမယ့်လည်း ရာသီကုန်ခါနီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ နိုင်ပွဲ မရရှိခဲ့ဘဲ ခြေချော်ခဲ့တာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ ဆက်တိုက် သရေကျခဲ့ပြီးနောက် အစ်တီဟတ်မှာ မန်စီးတီးကို ဆုဖလားအဆုံးအဖြတ် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒုတိယနေရာကနေ ရာသီပြီးဆုံးရဖို့ ပိုများနေပြီဖြစ်ပါတယ်။

ဂွါဒီယိုလာက အာဆင်နယ်အနေနဲ့ ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်တော့မှာကို ဝမ်းမြောက်ပျော်ရွှင်သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးမှာ သေချာဖို့ ၁ မှတ်သာ လိုတော့တာကြောင့် ရှန်ပိန်ပုလင်းဖောက်ဖို့ အဆင်သင့်ဖြစ်နေပြီလားလို့ မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက “ဟုတ်ပါတယ်။ ရှန်ပိန်ပုလင်းက ဖောက်ဖို့ ရှိနေပြီးသားပါ။ အာဆင်နယ်ကို ပြောလိုက်ပါ။ သူတို့တွေက ချန်ပီယံလိဂ်ပြိုင်ပွဲထဲမှာ ရှိနေနှင့်ပြီးပါပြီ။ အာဆင်နယ်အသင်းပိုင်ရှင်တွေကို မေးလိုက်ပါ။ ၆ နှစ်၊ ၇ နှစ်ကြာချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဝေးကွာခဲ့ပြီးနောက် အဲဒါက ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာကို။ လာမယ့် ရာသီမှာ အာဆင်နယ်က ဥရောပမှာ အကောင်းဆုံးအသင်းတွေ၊ ထိပ်တန်းအသင်းတွေနဲ့ မယုံနိင်စရာပြိုင်ပွဲမှာ ကစားသွားရတော့မှာပါ။ အဲဒါက အောင်မြင်မှုပဲ။ ကျိန်းသေတယ်။”

ဂွါဒီယိုလာက အာဆင်နယ်ကို လုံးဝ လျှော့တွက်ထားခြင်းမရှိသေးဘဲ ဖေဖော်ဝါရီလတုန်းက ဂန်းနားတွေကို အနိင်ယူပြီးနောက် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ရမှတ်တွေ လျော့ကျခဲ့တာကို ထောက်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂွါဒီယိုလာက “လူတွေက ဆုဖလားပြိုင်ပွဲက ပြီးသွားပြီလို့ စပြီး ပြောနေကြတယ်။ အဲဒါက မပြီးသေးပါဘူး။ ကျွန်တော်တို့ ၇ ပွဲကစားဖို့ ရှိပါသေးတယ်။ ကျွန်တော်တို့ အမ်းမရိတ်စ်မှာ အနိုင်ရခဲ့တဲ့အချိန်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ နော်တင်ဟမ် ဖောရက်စ်ကွင်းကိုသွားကစားခဲ့ပြီး သရေကျခဲ့တယ်။ အခု ကျွန်တော်တို့ ဖူလ်ဟမ်အိမ်ကွင်းကို သွားကစားရမယ်။ စုဖွဲ့မှုကောင်းတဲ့အသင်း၊ ကောင်းမွန်တဲ့အသင်းကို ထူးခြားတဲ့ကွင်းမှာ ကစားရမှာပါ။ ကျွန်တော်တို့ ဘာမှ အပိုင်တွက်ထားလို့ မရပါဘူး”

“ပွဲ ၂၀ ကျန်သေးတာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ၇ ပွဲက ၇ ပွဲပဲ။ အထူးသဖြင့် ကျွန်တော်တို့မှာ ချန်ပီယံလိဂ်ပွဲတွေနဲ့ အခြားပွဲတွေ ရှိနေသေးတယ်ဆိုတာကို ထည့်တွက်ရင်ပေါ့။ ကျွန်တော်တို့ ဆုဖလားကို အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အရှိန်အဟုန်ရှိပါတယ်။ ခံစားချက်က ကောင်းမွန်နေပေမယ့် ကျွန်တော်တို့ အဲဒါကို နောက်ထပ်တစ်ကြိမ် သက်သေပြသရမှာပါ။ ကျွန်တော်တို့က ၇ ပွဲကစားဖို့ ကျန်သေးပေမယ့် သူတို့က ၅ ပွဲပါ။ အဲဒါက တကယ်ကို နီးစပ်နေပါတယ်။ နော်တင်ဟမ်နဲ့ပွဲက စွမ်းဆောင်ရည်က အကောင်းဆုံးထဲက တစ်ခုပါ။ လန်ဒန်ကနေ ညတော်တော်နက်တဲ့အချိန်မှာ ခရီးထွက်ခဲ့ရတယ် ။ အသင်းက မယုံနိုင်စရာကောင်းလောက်အောင် ကစားခဲ့ပေမယ့် ကျွန်တော်တို့ ရမှတ်လျော့ကျခဲ့တယ်။ ကျွန်တော်တို့ အဲဒါမျိုးထပ်မဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ ကြိုးစားရမှာပါ”

“ကျွန်တော် အာတီတာကို ကောင်းကောင်း သိပါတယ်။ ကစားသမားတွေကိုသိပါတယ်။ သူတို့တွေက အရှုံးပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့သာ ၁၀ မှတ်လောက်သာနေတယ်ဆိုရင်တော့ ပွဲပြီးသွားပြီလို့ ကျွန်တော် ပြောမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ၂ မှတ်လျော့နေတယ်။ ကျွန်တော်တို့ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်ကို အနိုင်ယူရမယ်။ အမှန်တရားက ကျွန်တော်တို့က နောက်မှာရှိနေတာပါ။ ဒီနေ့သာ ရာသီပြီးဆုံးမယ်ဆိုရင် သူတို့တွေက ချန်ပီယံဖြစ်ပါလိမ့်မယ်။ အဲဒါက ဖြစ်နိုင်ပါတယ်။ ခင်ဗျား ရှုံးပွဲတွေ တွေ့နိုင်ပြီး တစ်ပတ်အတွင်းမှာ ရမှတ်တွေလျော့ကျနိုင်တယ်။ ကျွန်တော်တို့ အဲဒါကို သတိထားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet