အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အတွက် စာမေးပွဲအောင်ခဲ့တဲ့ ဟာဗတ်ဇ်
အာဆင်နယ်အသင်းက သိပ်မကြာခင်အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အပြောင်းအရွှေ့တွေထဲက တစ်ခုကတော့ ချဲလ်ဆီးအသင်းကနေ ဟာဗတ်ဇ်ကို ခေါ်ယူဖို့ ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့ဟာ ကနဦးမှာ နှစ်ဖက်အသင်း ပရိသတ်တွေကို အံ့အားသင့်စရာဖြစ်ခဲ့ပေမယ့်လည်း ဂျာမန်လက်ရွေးစင်ကြယ်ပွင့်ရဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံတွေအပြင် အာတီတာရဲ့ ဒီနွေရာသီပစ်မှတ်ဖြစ်တဲ့ နေရာစုံကစားနိုင်တဲ့ တိုက်စစ်မှူးမျိုးဖြစ်နေတာကြောင့် ခေါ်ယူချင်တာလည်း အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။
“အာဆင်နယ်သာ ဒီနွေရာသီမှာ တိုက်စစ်မှူးခေါ်ယူမယ်ဆိုရင် သူတို့တွေက တိုက်စစ်မှာ နေရာစုံကစားနိုင်တဲ့သူမျိုးကိုပဲ ရှာဖွေသွားမယ့်ပုံပေါ်တယ်။ အာတီတာက သူ့ကစားသမားတွေကို နေရာစုံကစားနိုင်စေချင်တဲ့သူဖြစ်တဲ့အတွက် ထရော့ဆာ့ဒ်လိုမျိုး တစ်စုံတယောက်ကို ခေါ်ဖို့ အစီအစဉ်ရှိနေပါလိမ့်မယ်”လို့ အာဆင်နယ် သတင်းထောက် ကာရာ ကေးနတ်က ပြောကြားခဲ့ပါတယ်။
ဟာဗတ်ဇ်ရဲ့ ချဲလ်ဆီး၊ လေဗာကူဆင်နဲ့ လက်ရွေးစင်အသင်းက အချိန်တွေကို ပြန်ကြည့်မယ်ဆိုရင် နေရာစုံ ကစားနိုင်စွမ်းက ၎င်းရဲ့ အရည်အသွေးများစွာထဲက တစ်ခုဖြစ်ပေမယ့်လည်း နောက်ချန်တိုက်စစ်မှူး၊ တောင်ပံတိုက်စစ်တို့မှာ ကစားခဲ့ပြီးနောက် တစ်နေရာတည်းမှာ အသေမကစားတာက ၎င်းရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်လို့ ငြင်းခုံနိုင်စရာဖြစ်နိုင်ပါတယ်။
အဲဒီလို ဆိုပေမယ့်လည်း အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဂါဘရီယဲလ် ဂျေးဇု၊ အန်ကီးတီးယားတို့အတွက် ယှဉ်ပြိုင်မှု ပေးနိုင်မယ်ဆိုတာ သေချာပြီး ဆာကာ အနားယူဖို့ လိုအပ်ချိန်ကျရင်လည်း ညာတောင်ပံမှာ ကစားပေးနိုင်မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဟာဗတ်ဇ်အပေါ် စိတ်ဝင်စားမှုက အစစ်အမှန်ဖြစ်ပြီး ချဲလ်ဆီးအသင်းက ဂန်းနားတွေရဲ့ ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းက နေရာစုံကစားနိုင်တဲ့ ဂျာမန်ကြယ်ပွင့်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်တာကြောင့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ Sky Germany က ဖော်ပြခဲ့ပါတယ်။
ဟာဗတ်ဇ်ကို ခေါ်ယူမှုက အာတီတာရဲ့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ လူစာရင်းတည်ဆောက်ဖို့နဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေဖို့ စီမံကိန်းရဲ့ အစဖြစ်လာမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ ရာသီစလုံးရဲ့ ရာသီနှောင်းပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကလည်း အာတီတာကို လူစာရင်း အရည်အသွေးက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို ကောင်းကောင်း သတိပြုမိစေခဲ့ပြီး ဒဏ်ရာပြဿနာတွေက ၂၀၂၁-၂၀၂၂ ရာသီ ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်ကို ထိုးနှက်ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂-၂၀၂၃ ရာသီမှာလည်း ဝီလီယံ ဆာလီဘာ၊ တိုမီယဆုတို့ ရာသီကုန်အထိ လွဲချော်စေခဲ့တဲ့ ဒဏ်ရာတွေကို မတ်လမှာ ရရှိခဲ့တာကြောင့် မမျှော်လင့်ထားတဲ့ ခြေစွမ်း ကျဆင်းမှု ဖြစ်ခဲ့သလို ရာသီအစောပိုင်းမှာလည်း ဂျေးဇုနဲ့ အန်ကီးတီးယားတို့ မပါဝင်ဘဲ ကစားခဲ့ရတာဖြစ်ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၁၅ ပွဲအထိ လွဲချော်ခဲ့ပြီး အန်ကီးတီးယားကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ ပတ်အထိ အနားယူခဲ့ရတာကြောင့် စပို့တင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်အပြင်ပရီးမီးယားလိဂ် ၅ ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဟာဗတ်ဇ်ကတော့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးကစားသမားတွေအားလုံးထက် ပွဲကစားချိန်ပိုမိုများပြားခဲ့ပြီး Transfermarkt ရဲ့ ဖော်ပြချက်အရ လက်ရှိအချိန်အထိ ကစားသမားဘဝတလျှောက် ၁၁ ပွဲသာ လွဲချော်ခဲ့ဖူးသူဖြစ်ရာမှာ ၂၀၁၇-၂၀၁၈ ရာသီမှာ ဒူးဒဏ်ရာကြောင့် ၁၀ ရက်အနားယူခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဟာဗတ်ဇ်ဟာ လက်ရှိအချိန်အထိ ကာလရှည် ဒဏ်ရာကင်းစင်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ပုံမှန် ကစားပေးဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး အဲဒါက ရာသီကုန်ခါနီးတိုင်း ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်ခံခဲ့ရတဲ့ အာဆင်နယ်လူစာရင်းအတွက် အရမ်း အသုံးဝင်တဲ့ ခေါ်ယူမှုဖြစ်လာစေမှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News