အာဆင်နယ်နဲ့ပွဲက ပရီးမီးယားလိဂ်ဗိုလ်လုပွဲဖြစ်လိမ့်မယ်လို့ ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ coyg

အာဆင်နယ်နဲ့ပွဲက ပရီးမီးယားလိဂ်ဗိုလ်လုပွဲဖြစ်လိမ့်မယ်လို့ ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ကျိန်းသေပေါက် ရရှိတော့မယ့်ပုံပေါ်ခဲ့တာ သိပ်မကြာသေးဘဲ ဇွဲမလျှော့တဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးကြောင့် ဆုဖလားပြိုင်ပွဲဟာ မပြီးဆုံးသေးဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် နိုင်ပွဲကြောင့် အာဆင်နယ်ရဲ့ ဦးဆောင်မှုက ၃ မှတ်သာ ရှိတော့တာဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့မှာ အမှတ်ပေးဇယားဦးဆောင်သူတွေကြား တွေ့ဆုံယှဉ်ပြိုင်ရမယ့် တိုက်ပွဲရှိနေတာကြောင့် လိဂ်ပြိုင်ပွဲဟာ ဘာမဆို ဖြစ်သွားနိုင်ခြေရှိနေသေးတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက လက်စတာစီးတီးကို အရေးပါတဲ့ နိုင်ပွဲ ရရှိခဲ့ပြီးနောက် အာဆင်နယ်နဲ့ပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးဟာ မန်ချက်စတာစီးတီးရဲ့ ၃-၁ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း ဂွါဒီယိုလာက သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်လို့ ယူဆနေဆဲ ဖြစ်ပါတယ်။

“ခင်ဗျားလုပ်ရမယ့်ဟာက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေဖို့ပဲ။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် သူတို့နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေတဲ့ ဗိုလ်လုပွဲအတွက် ဒီနေ့နိုင်ပွဲက ကျွန်တော်တို့အတွက် အရေးပါပါတယ်။”

မန်ချက်စတာစီးတီးဟာ ဆုဖလားပြိုင်ပွဲအများအပြားမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပြီး ဂန်းနားတွေနဲ့ ရင်ဆိုင်မကစားမီ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲ ၂ ခုစလုံးမှာ ကစားသွားဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။

ဒီလိုမျိုး အရေးကြီးတဲ့ပွဲစဉ်တွေကို အရင်ဆုံးကစားသွားရမှာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာက အာဆင်နယ်နဲ့ပွဲစဉ်ကိုလည်း လုံးဝကြီး မျက်စိလွှဲထားမှာမဟုတ်ဘူးလို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အဲဒီပွဲက ဗိုလ်လုပွဲတွေထက်ပိုတဲ့ ဗိုလ်လုပွဲလို့ ကျွန်တော် ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ဒီပွဲကို ရှုံးရင် အဲဒါက ပြီးသလောက် ဖြစ်သွားမှာမို့လို့ပါ။ ဒီနေရာကို ရောက်ရောက်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့လက အာဆင်နယ်နဲ့ အာဆင်နယ်နဲ့ နီးစပ်သွားမယ့် အခွင့်အရေး ရောက်ရှိလာနိုင်တယ်လို့ မျှော်လင့်မိတဲ့အကြောင်း ပြောခဲ့တယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာကို သိနေလို့ ဒီအခွင့်အရေးကို လိုချင်တယ်။ ဒါပေမယ့် အဲဒီမတိုင်ခင် ကျွန်တော်တို့မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲတွေ ရှိနေပါတယ်။”

အာတီတာရဲ့အသင်းဟာ ယနေ့မှာ ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းအသင်းအိမ်ကွင်းကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်အပတ်မှာ အမှတ်ပေးဇယားအောက်ခြေက ဆောက်သမ်တန်နဲ့ ကစားသွားရမှာဖြစ်တာကြောင့် မန်စီးတီးနဲ့ မရင်ဆိုင်ခင်မှာ ၉ မှတ်အထိ ဖြတ်ထားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်စတာစီးတီးနဲ့ပွဲမှာ ဂွါဒီယိုလာက အဓိကကစားသမားတွေကို အနားပေးနိုင်ဖို့ လူစားလဲခဲ့တဲ့အတွက် ပြဿနာ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်ရှိလုနီးပါး ဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ တစ်ဂိုး ပြန်သွင်းယူသွားခဲ့ပြီး မန်ချက်စတာစီးတီးအနေနဲ့ နောက်ထပ် သွင်းဂိုးတွေ အလွယ်တကူ ရနိုင်ခဲ့ပေမယ့်လည်း ဂွါဒီယိုလာက အနိုင် ၃ မှတ်ပဲယူပြီး အဓိကကစားသမားတွေကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂွါဒီယိုလာက ၎င်းရဲ့ သတိထားမှုကြောင့် ပြဿနာဖြစ်လုနီးပါးဖြစ်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုခဲ့တာဖြစ်ပြီး “အရည်အသွေးရှိပြီး တိုက်ပွဲဝင်နေတဲ့ အသင်းနဲ့ ချန်ပီယံလိဂ်မှာ ကစားရပြီးနောက် အမြဲတမ်း ရှုပ်ထွေးမှာပါ။ ကျွန်တော်တို့ အာရုံစိုက်မှုနဲ့အတူ တကယ်ကောင်းကောင်း စတင်နိုင်ခဲ့ပေမယ့် ခင်ဗျား လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့တဲ့အချိန်မှာ နည်းနည်းတော့ ကစားအားကျသွားမှာပဲ။ အနိုင် ၃ မှတ်တော့ရခဲ့ပြီး ကျွန်တော်တို့ နောက်ပွဲကို ဆက်သွားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။