အာဆင်နယ်နဲ့ စာချုပ်သစ် ဘာလို့ ချုပ်ဆိုခဲ့လဲဆိုတာ ရှင်းပြခဲ့တဲ့ ဆာကာ
ဘူကာယို ဆာကာဟာ မြောက်လန်ဒန်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုက ဂန်းနားတွေဟာ ၎င်းရဲ့ ကြီးမားတဲ့ အလားအလာကို ရောက်ရှိနိုင်ဖို့ လိုအပ်တဲ့အရာအားလုံး ရှိနေတာကြောင့်ဖြစ်တယ်လို့ ခံစားရတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာကာဟာ ၂၀၂၇ ခုနှစ်အထိ အမ်းမရိတ်စ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းရရှိမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ယခုရာသီ ဆုဖလားစိန်ခေါ်နိုင်ခဲ့မှုအပေါ် ဆက်လက်တည်ဆောက်သွားဖို့ နံပါတ် ၁ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ယခုနွေရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ချာကာ၊ ပါတေး၊ တီယာနီတို့လို အဓိကကစားသမားတွေ ထွက်ခွာနိုင်ခြေရှိနေပြီး အာတီတာဟာ ၎င်းရဲ့ လူစာရင်းကို နောက်ထပ်တစ်ကြိမ် ပြန်လည်တည်ဆောက်ချင်နေတာဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြဟာ ယခုရာသီမှာ အာဆင်နယ်ကို ၁၉ နှစ်အကြာမှာ ပထမဆုံး ပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ဖို့ နီးစပ်ခဲ့တာဖြစ်ပေမယ့်လည်း မန်ချက်စတာစီးတီးရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာကြောင့် အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆာကာက အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အာတီတာရဲ့စီမံကိန်းအတွက် အရေးကြီးတဲ့ကစားသမားအဖြစ် ဆက်လက် ရှိနေတာဖြစ်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီခြေစွမ်းကို လက်ရှိမှာတော့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေက ကြီးမားတဲ့ လစာတိုးစာချုပ်သစ်နဲ့ ဆုချလိုက်ပြီဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
စာချုပ်သစ် ချုပ်ဆိုခဲ့မှုကို ကြေညာခဲ့တဲ့ ဗီဒီယိုထဲမှာ ဆာကာက “အိပ်မက်တွေက နေ့ချင်းညချင်း ဖြစ်မလာပါဘူး။ အဲဒါက အချိန်ယူရတယ်။ ဒီအသင်းက ကျွန်တော် အသက် ၈ နှစ်သားကတည်းက မိသားစုလို ဖြစ်နေခဲ့တာပါ။ ဒီအသင်းက ကျွန်တော့်ကို အရာအားလုံးပေးခဲ့တယ်။ ကျွန်တော်လည်း အရာအားလုံး ပြန်ပေးခဲ့တယ်။ ကျွန်တော်တို့အတူတူဆိုရင် အောင်မြင်မှုတွေ ဘယ်လောက်အထိ ရရှိနိုင်လဲဆိုတာကို ကျွန်တော် သိတယ်။ အချိန်က ကျွန်တော်တို့ဘက်မှာရှိပါတယ်။”
ဆာကာဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်များစွာကတည်းက စာချုပ်သစ်ကို သဘောတူညီခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပြီး ဂန်းနားပရိသတ်တွေကို မမျှော်လင့်ထားတဲ့ ဆုဖလားစိန်ခေါ်မှုမှာ ပါဝင်ခဲ့ကြတဲ့ပရိသတ်တွေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး လာမယ့်ရာသီကို ကောင်းမွန်တဲ့စိတ်ခံစားချက်ကို ဆက်လက်သယ်ဆောင်သွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အပြောင်းအလဲတွေ အများကြီး မြင်ခဲ့တယ်။ ကျွန်တော် ဒီအသင်းကြီးထွားလာတာကို မြင်ခဲ့ပြီး ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေအားလုံး စိတ်လှုပ်ရှားရမယ့်အရာတစ်ခုက ကျွန်တော်တို့ဟာ မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း သွားနေတာပါ။ အချိန်က ကျွန်တော်တို့ဘက်မှာပါ။ ခင်ဗျား ကျွန်တော်တို့အသင်းကို ကြည့်လိုက်ရင် လူငယ်ကစားသမားတွေ အများကြီးကို မြင်နိုင်မှာပါ။ ကျွန်တော်တို့က ဆာလောင်နေတယ်။ ကျွန်တော်တို့ထဲက အများစုက အာဆင်နယ်မှာ ဆုဖလားတွေ အနိုင်မရခဲ့ဖူးဘူး။ အဲဒီတော့ ကျွန်တော်တို့ ကြီးမားတဲ့အရာတွေကို ရရှိချင်တယ်။ ခင်ဗျား ကျွန်တော်တို့အားလုံး စကားပြောတဲ့ပုံစံကို စောင့်ကြည့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရချင်တယ်။ ကျွန်တော်တို့ ဒီမှာ အနိုင်ရချင်တယ်ဆိုတာကို သိပါလိမ့်မယ် ဒီအသင်းက ချန်ပီယံလိဂ်မကစားခဲ့ရတာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ကျွန်တော် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ည ဒီကွင်းမှာ ရောက်လာဖို့ တကယ်ကို စောင့်မျှော်နေပါတယ်။ အဲဒီပတ်ဝန်းကျင်က တကယ်ကို ထူးခြားလာတော့မှာပါ။”
ဆာကာက ဟေးအမ်း အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီးနောက် ပရိသတ်တွေနဲ့ ကြီးထွားလာတဲ့ သံယောဇဉ်အတွက် ချီးကျူးခဲ့ပြီး လာမယ့်ရာသီမှာ ပထမဆုံး ချန်ပီယံလိဂ်ကစားရတော့မယ့် အင်္ဂလန်ကြယ်ပွင့်က ၎င်းရဲ့ ကစားသမားဘဝ ဘယ်လောက်အထိ တိုးတက်ခဲ့လဲဆိုတာကို မယုံနိုင်ဘဲ အိပ်မက်လားလို့တောင် ကိုယ့်အသားကိုယ် ဆိတ်ကြည့်မိနေတုန်းလို့ ဝန်ခံခဲ့ပါတယ်။
“ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်။ ကျွန်တော် နောက်ထပ်ခြေလှမ်း လှမ်းနိုင်ဖို့ မှန်ကန်တဲ့နေရာမှာရှိနေပါတယ်။ အဲဒါက လှပတဲ့ ကလပ်အသင်းဖြစ်ပြီး ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ပရိသတ်တွေကလည်း အရမ်းကို ရူးသွပ်ခဲ့ကြပြီး သူတို့တွေက ဒီနှစ်မှာ အရမ်းကောင်းခဲ့ကြပါတယ်။ ကျွန်တော် သူတို့ကို အပြင်မှာ တွေ့ရင်တောင်မှ ကျွန်တော်တို့ကြားမှာ ဒီအသင်းအတွက် ဘယ်လောက်အထိ စိတ်ဆန္ဒပြင်းပြလဲဆိုတာနဲ့ပတ်သက်ပြီး တူညီမှုအများကြီးရှိတယ်လို့ ခံစားရတယ်။ တစ်ခါတလေ ဒီလိုပရိသတ်တွေထဲက အချို့က အရမ်းစိတ်ဆန္ဒပြင်းပြတာကြောင့် ပွဲတောင် ကစားနိုင်သလိုမျိုး ခံစားရတဲ့အထိပါပဲ။ သူတို့တွေက အရာအားလုံး ပေးသွားမှာပါ။ ကျွန်တော် သူတို့ ကျွန်တော့်ကို စကားပြောတဲ့အချိန်မှာ သူတို့မျက်လုံးထဲကနေ မြင်နိုင်ပါတယ်။ အဲဒါကို မြင်ရတာ တကယ်ကောင်းပါတယ်”
“ကျွန်တော်တို့တကယ်ကို ပရိသတ်တွေနဲ့ ပိုပြီး ဆက်နွယ်မှုရှိလာတယ်လို့ ခံစားရပြီး ကွင်းထဲမှာလည်း အဲဒါကို ခင်ဗျား ခံစားနိုင်ပါတယ်။ ကျွန်တော် တကယ် ပျော်ရွှင်မိတယ်။ ပြောနေတာတွေ အများကြီးရှိခဲ့ပြီး အဲဒါက အချိန်ကြာခဲ့ပြီဖြစ်ပေမယ့် ကျွန်တော် ဒီမှာ အခုရှိနေပါတယ်။ ဒီအသင်းက ကျွန်တော် နောက်ထပ်ခြေလှမ်းလှမ်းဖို့အတွက် သင့်တော်တဲ့ နေရာ၊ သင့်တော်တဲ့အသင်းလို့ ကျွန်တော် ထင်တယ်။ အဲဒါက လှပတဲ့အသင်းဖြစ်ပြီး ကျွန်တော်တို့ ဘယ်နေရာရောက်ပြီလဲဆိုတာကို ကြည့်လိုက်ပါ။ ကျွန်တော့်အတွက်တော့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ရည်မှန်းချက်ကို ရရှိဖို့က အရေးကြီးပါတယ်။ ကျွန်တော့်ကိုယ်ကို တစ်ပတ်ပြီးတစ်ပတ် တစ်ပွဲချင်းဆီကနေ အများကြီး တွန်းအားပေးခဲ့တယ်၊ တောင်းဆိုခဲ့တယ်”
“ပြီးတော့ ကျွန်တော့်နားမှာ သင့်တော်တဲ့သူတွေအားလုံး ရှိနေတယ်။ အိမ်မှာဆိုလည်း မိသားစု၊ လေ့ကျင့်ရေးကွင်းကို လာတဲ့အခါမှာ ကျွန်တော့်အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေရှိတယ်။ ကျွန်တော် ဖြစ်နိုင်တဲ့ အကောင်းဆုံးကစားသမားဖြစ်လာဖို့ လိုအပ်တဲ့အရာအားလုံး ရှိနေတယ်လို့ ထင်တယ်။ အဲဒါကြောင့်ပဲ ကျွန်တော်ဒီမှာ ဆက်နေရတာကို ပျော်ရွှင်မိတာဖြစ်ပြီး အနာဂတ်အတွက် ဒီမှာ ရှိနေချင်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကြီးမားတဲ့အရာတွေကို ရရှိနိုင်တယ်လို့ တကယ်ယုံကြည်မိပါတယ်။”လို့ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk
- Team News