အာဆင်နယ်ကို မလာခင် လေယာဉ်ပေါ်မှာ ငိုကြွေးခဲ့တဲ့ အိုဇေးလ်
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း မီဆွတ် အိုဇေးလ်က ၂၀၁၃ ခုနှစ် နွေရာသီမှာ အာဆင်နယ်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ လေယာဉ်ထွက်ခွာချိန်မှာ စတင်ငိုကြွေးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုဇေးလ်ဟာ တူရကီကလပ် အစ္စတန်ဘူလ် ဘာဆတ် ဆီဟီရာအသင်းနဲ့ ခက်ခဲတဲ့ရာသီကို ဖြတ်သန်းခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဟာ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်တို့အတွက် ကစားပေးခဲ့တဲ့ ၎င်းရဲ့ ကစားသမားဘဝကာလတွေကို အကောင်းဆုံးပုံစံနဲ့ အမှတ်ရနေမှာဖြစ်ပေမယ့်လည်း ၎င်းရဲ့ နောက်ဆုံး ဝန်ခံ ပြောဆိုမှုက အမ်းမရိတ်စ်က ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် မက်ဒရစ်ကို စွန့်ခွာခဲ့ရချိန်မှာ အရမ်း ဝမ်းနည်းခဲ့တယ်။ ကျွန်တော် လေဆိပ်မှာ ဖြစ်ခဲ့တာကို မှတ်မိသေးတယ်။ ကျွန်တော် မက်ဒရစ်ကနေ ထွက်ခွာမယ့် လေယာဉ်စထွက်တာနဲ့ စပြီး ငိုကြွေးခဲ့တယ်။ ကျွန်တော် ရီးရဲလ်မှာ တကယ်ပျော်ရွှင်နေခဲ့တာပါ။
ဒါပေမယ့်လည်း အရာအားလုံးက ရာသီအစပိုင်းမှာ ရုတ်တရက် ဖြစ်ပျက်ခဲ့တယ်။ ကျွန်တော်ပွဲကစားချိန် များများစားစား မရတော့ဘဲ မစ္စတာ ဖလော်ရန်တီနို ပီးရက်ဇ်၊ ကျွန်တော့်အဖေနဲ့ အေးဂျင့်ကြားမှာ ပဋိပက္ခတွေ မြင့်တက်လာခဲ့တယ်။ ကျွန်တော်တို့ အသင်းသစ် ရှာဖွေခဲ့ရတယ်။ အဲဒါက ကျွန်တော့်အတွက် ခက်ခဲပါတယ်။
လေယာဉ်စထွက်တဲ့အချိန်မှာ ကျွန်တော့်မျက်လုံးကနေ မျက်ရည်တွေ ကျလာခဲ့တယ်။ အဲဒီအချိန်က ပြီးသွားခဲ့ပြီဆိုတာ ကျွန်တော် သိခဲ့ရတဲ့ အချိန်ပဲ။ ဟုတ်တာပေ့ါ။ ကျွန်တော်တို့ အဲဒီအချိန်တုန်းက အခြေအနေကို မတူညီတဲ့ပုံစံနဲ့ ကိုင်တွယ်ခဲ့ရင်ကောင်းမယ်လို့ ဆုတောင်းမိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
အိုဇေးလ်က မကြာသေးမီက အင်တာဗျူးမှာ အာဆင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့အချိန်နဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့ပြီး လက်ရှိ အမြင့်ပျံနေတဲ့ ဂန်းနားတွေကို လိုချင်တဲ့ ပရီးမီးယားလိဂ်ဖလား ရရှိစေချင်တဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။
“ပထမဆုံးနှစ်က အရမ်းကောင်းခဲ့တယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ကစားနေခဲ့တယ်။ ကျွန်တော်တို့က အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ အာဆင်ဝင်းဂါးလိုမျိုး မယုံနိုင်စရာနည်းပြနဲ့အတူ အရမ်းကောင်းတဲ့အသင်းဖြစ်ခဲ့တယ်။ သူက လူကြီးလူကောင်းစစ်စစ်ပဲ။ သူက အမြဲတမ်း လေးစားမှုအရမ်းရှိခဲ့ပါတယ်။
သူ အသင်းကို စွန့်ခွာခဲ့ချိန်မှာ တစ်စုံတရာ ပျောက်ဆုံးသွားခဲ့သလိုပဲ။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိခဲ့ပြီး အာဆင်နယ်မှာ သူက ကျွန်တော့်နည်းပြဖြစ်ခဲ့တာကို ဂုဏ်ယူမိပါတယ်။ သူ အသင်းကို စွန့်ခွာခဲ့ပြီးနောက်မှာ ကျွန်တော့်အတွက် အရာတော်တော်များများက ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော် နောက်ထပ်တစ်ကြိမ် ပြဿနာကို မီးမွှေးချင်တဲ့ ဆန္ဒမရှိပါဘူး။
အခု ကျွန်တော်အေးအေးဆေးဆေးဖြစ်နေပြီဖြစ်ပြီး ကျွန်တော့်ကို အမြဲတမ်း အားပေးထောက်ခံခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်တွေကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူတို့တွေ ပရီးမီးယားလိဂ်ဆုဖလားနဲ့ အောင်ပွဲခံနိုင်မယ်ဆိုရင် ကျွန်တော် သူတို့အတွက် ပျော်ရွှင်မိမှာပါ။ သူတို့တွေက အဲဒီအောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- News