အာဆင်နယ်က ဆုဖလားပြိုင်ပွဲမှာ သွေးကြောင်ခဲ့တယ်လို့ ထင်မြင်နေတဲ့ ဂယ်ရီ နဗီး
ဂယ်ရီ နဗီးက အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၃ ပွဲအတွင်း ဆုဖလားပြိုင်ပွဲမှာ သွေးကြောင်ခဲ့တယ်လို့ ယုံကြည်နေပေမယ့်လည်း ဂန်းနားတွေအနေနဲ့ မန်ချက်စတာစီးတီးနဲ့ပွဲမှာ ၎င်းတို့ရဲ့ အမှားကို ပြန်လည်ပြင်ဆင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲစလုံးမှာ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ အသာစီးရယူထားနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ မန်ချက်စတာစီးတီးကို ဦးဆောင်ထားမှုက ၅ မှတ်အထိ လျော့ကျခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းက ဆုဖလားပြိုင်ဘက်တွေထက် ၂ ပွဲလျော့နေသေးတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ဗုဒ္ဓဟူးနေ့ အစ်တီဟတ်ကွင်းမှာ ဆုဖလား အဆုံးအဖြတ်ဖြစ်လာမယ့် ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားသွားရတော့မှာဖြစ်ပြီး ဂန်းနားတွေရဲ့ မကြာသေးမီက ခြေစွမ်းနဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေ ရှိခဲ့ပေမယ့် ဂယ်ရီ နဗီးက ၎င်းရဲ့အမြင်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။
“သွေးကြောင်တယ်ဆိုတာက ဘယ်သူ့အတွက်မဆို ဒါမှမဟုတ် ဘယ်အသင်းအတွက်မဆို အရမ်းကို အပျက်သဘောဆောင်တဲ့ စကားစုပါ။ အဲဒီတော့ တော်တော်များများက ဘာကြောင့် အဲဒါကို ဆက်ပြီးတော့ သုံးနေလဲဆိုတာကို နားလည်နိုင်ပါတယ်။ ဒါပေမယ့်လည်း အရမ်းစိတ်ခံစားချက်များလွန်းပြီး အရာအားလုံးကို အလျင်စလို ဖြစ်နေတာက အဲဒီလို ဖြစ်နေတဲ့လက္ခဏာပါပဲ။ ခြေချော်နေပုံပေါ်တာနဲ့အတူ ခင်ဗျားရဲ့ ကစားပုံက ခပ်တောင့်တောင့်ကြီးဖြစ်နေပြီး ရိုးရှင်းတဲ့ အမှားတွေကို ပြုလုပ်နေတာက ခင်ဗျား သွေးကြောင်နေတယ်ဆိုတာကို ဖော်ပြနေတာပဲ”
“ဒီနောက်ဆုံးပွဲစဉ်တွေမှာ တခြားအရာတစ်ခုခု ဖြစ်ပျက်နိုင်ပါတယ်။ ခင်ဗျား သွေးကြောင်နေတယ်ဆိုတာ စောစောသိရင် ခင်ဗျားအဲဒါကို ကိုယ့်ဘာသာကိုယ် ငါတို့ ဘာကို စိုးရိမ်နေတာလဲ။ ငါတို့မှာ ဘာမှ ဆုံးရှုံးစရာမရှိဘူးလို့ ပြောပြီး ဖျောက်ပစ်လိုက်လို့ရတယ်။ဒါက သူတို့တွေ ဗုဒ္ဓဟူးနေ့ မန်စီးတီးနဲ့ပွဲကို ယူဆောင်သွားဖို့ လိုတဲ့ စွမ်းအင်ပဲ။ အားလုံးက အာဆင်နယ်တော့ သွားပြီလို့ ထင်ကြတယ်။ အာဆင်နယ်က အခု အနိုင်ရဖို့ ရေပန်းမစားတဲ့အသင်းဖြစ်နေတယ်။ အဲဒီတော့ လုပ်ပြလိုက်ကြစို့။ ကျွန်တော် ဒီလို စိတ်ခံစားချက်တွေ အလှည့်အပြောင်းတွေနဲ့ ဆုဖလားပြိုင်ပွဲကို ကြည့်ရတာကို နှစ်သက်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Critics' Talk
- News