အမ်ဘာပေကို ခေါ်ဖို့သတင်းထွက်နေချိန်မှာ သတိပေးခံလိုက်ရတဲ့ အာဆင်နယ်
အာဆင်နယ်တိုက်စစ်မှူးဟောင်း အလန် စမစ်က ခီလီယန် အမ်ဘာပေကို ခေါ်ယူပြီး အသင်းရဲ့ လစာပေးချေမှုပုံစံကို ဖျက်ဆီးပစ်နိုင်တဲ့အလားအလာနဲ့ပတ်သက်ပြီး အသင်းဟောင်းကို သတိပေးခဲ့ပါတယ်။
ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုနွေရာသီ မဟုတ်ရင်တောင် လာမယ့်နွေရာသီမှာ လီဂူးဝမ်း ချန်ပီယံတွေကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပုံပေါ်ပြီး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ လာမယ့်နှစ်မှာ မပြောင်းရွှေ့ခင် ပဲရစ်မှာ ဆက်ရှိနေချင်နေတာဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအတွက် ပီအက်စ်ဂျီအသင်းအနေနဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး မရရှိနိုင်တာက ပြင်သစ်ထိပ်သီးအသင်းကြီးအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုဖြစ်လာမှာဖြစ်ပြီး အမ်ဘာပေဟာ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ ဘော့စမန်စည်းမျဉ်းနဲ့ ထွက်ခွာခွင့် ပြုခြင်းခံရမှာမဟုတ်ဘူးလို့ သတိပေးခြင်းခံထားရပြီး ဖြစ်ပါတယ်။
“ကျွန်တော့် ရပ်တည်ချက်က အရမ်းရှင်းပါတယ်။ ကျွန်တော် အဲဒါကို အချိန်တိုင်း ထပ်ထပ်ပြောနေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခီလီယန်ကို ဆက်နေစေချင်ပေမယ့် သူ ဆက်နေမယ်ဆိုရင်တော့ သူ စာချုပ်သစ် ချုပ်တာ ကျွန်တော်တို့ လိုချင်တယ်။ ကျွန်တော်တို့ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားကို အလွတ်နဲ့တော့ ပေးမထွက်နိုင်ပါဘူး။ အဲဒါက မဖြစ်နိုင်ပါဘူး”
“ပီအက်စ်ဂျီက ပြင်သစ်ကလပ်ဖြစ်ပြီး သူ့ရဲ့ မြို့လည်းဖြစ်ပါတယ်။ သူကလည်း အလွတ်နဲ့ မထွက်ချင်ဘူးလို့ ပြောထားပြီးသားပါ။ တကယ်လို့ ဒီနေ့မှာ တစ်စုံတယောက်က သူ့စိတ်ကို ပြောင်းလဲအောင်လုပ်နိုင်ခဲ့မယ်ဆိုရင် အဲဒါက ကျွန်တော့်အပြစ်မဟုတ်ပါဘူး။ ကျွန်တော် ထပ်ပြောပါမယ်။ ကျွန်တော်တို့ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို အလွတ်နဲ့ ထွက်ခွင့်မပေးနိုင်ပါဘူး။ ဒါက အရမ်းရှင်းပါတယ်။ ကျွန်တော် ထပ်ပြီး မပြောတော့ပါဘူး”လို့ ပီအက်စ်ဂျီ ဥက္ကဌ အယ်လ် ခါလီဖီက ပြောဆိုခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေအနေနဲ့ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ကျိန်းသေသလောက်ရှိနေပုံပေါ်ပေမယ့်လည်း ပြီးခဲ့တဲ့အပတ်က သတင်းတွေအရ အာဆင်နယ်ဟာ ပြင်သစ်ကြယ်ပွင့်သာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ပြောင်းရွှေ့ချင်တဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အလန် စမစ်က အမ်ဘာပေကို ခေါ်ယူမှုက အာတီတာ အချိန်တိုအတွင်း ခဲရာခဲဆစ် လုပ်ဆောင်ခဲ့တဲ့ အသင်းလူစာရင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့ သဟဇာတဖြစ်မှုကို မတည်မငြိမ်ဖြစ်စေမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။
“အာဆင်နယ်ကို အမ်ဘာပေပြောင်းရွှေ့နိုင်ခြေက အရမ်းမဖြစ်နိုင်တာမျိုးမဟုတ်ဘူးလို့ ကျွန်တော် တွေးရပါလိမ့်မယ်။ သူ့ကို ခေါ်ယူဖို့ ပိုက်ဆံက တော်တော်လေးများပြားပါလိမ့်မယ်။ ကျွန်တော်ထင်တယ်။ သူ သွားနိုင်တဲ့တစ်ခုတည်းသောအသင်းက ရီးရဲလ်မက်ဒရစ်ဖြစ်လိမ့်မယ်။ အဲဒါက သူလည်း သွားချင်နေမယ့် တစ်ခုတည်းသော နေရာလည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ငွေကြေးပိုင်းအရ အသင်းက တကယ်ကောင်းကောင်း လည်ပတ်နေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အာဆင်နယ်က သူတို့ တည်ဆောက်ထားတဲ့ လစာပေးချေမှု ပုံစံကို အရမ်းကို သတိထားရမှာဖြစ်ပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသင့်တယ်လို့ ထင်ပါတယ်။ သူတို့တွေသာ အမ်ဘာပေကို အရခေါ်ယူလိုက်မယ်ဆိုရင် ကျွန်တော် အရမ်းကို အံ့အားသင့်မိပါလိမ့်မယ်။ သူ့ကို ရလိုက်တာက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း အဲဒါက အရမ်းဖြစ်နိုင်ခြေရှိတယ်လို့တော့ ကျွန်တော် မထင်ဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- News
- Team News
- Transfer News