ဟာဗတ်ဇ်အခန်းကဏ္ဍအပါအဝင် လေ့ကျင့်ရေးမှာ မြင်ခဲ့ရတဲ့ အရာ ၅ ခု
အာဆင်နယ်လူစာရင်းရဲ့ ကစားသမားအများစုဟာ လက်ရှိမှာ ရာသီကြို လေ့ကျင့်ရေးအတွက် အသင်းကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ပူပြင်းတဲ့နေရောင်အောက်မှာ အာတီတာရဲ့ လေ့ကျင့်မှုတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
ဂန်းနားတွေဟာ လက်ရှိမှာ နုရင်ဘတ်နဲ့ ယခုနွေရာသီ ပထမဆုံး ခြေစမ်းပွဲကစားဖို့ ဂျာမနီကို ရောက်ရှိနေတာဖြစ်ပြီး ဒီပွဲစဉ်ဟာ ဂန်းနားပရိသတ်တွေအတွက် ကစားသမားသစ် ခိုင် ဟာဗတ်ဇ်ကို ပထမဆုံးမြင်တွေ့ခွင့်ရမယ့် အခွင့်အရေးဖြစ်လာမှာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ လူမှုကွန်ရက်အဖွဲ့ကလည်း ရာသီသစ်ရဲ့ ပထမဆုံး လေ့ကျင့်ရေးအတွင်းပိုင်း ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီး ဒီဗီဒီယိုထဲက လာမယ့်ရာသီသစ်အတွက် အာတီတာရဲ့ အစီအစဉ်ထဲက အချို့ကို မြင်ခဲ့ရတဲ့နေရာမှာ ပြောစရာ ၅ ခုရှိခဲ့ပါတယ်။
တိုမီယဆုရဲ့ အခန်းကဏ္ဍသစ်
တိုမီယဆုက ပုံမှန်အားဖြင့် ညာနောက်ခံကစားသမားဖြစ်ပေမယ့်လည်း လိုအပ်ရင် ဘယ်နောက်ခံနေရာမှာ အသုံးပြုခံခဲ့ရသူဖြစ်ပြီး ဗီဒီယိုထဲကအတိုင်းဆိုရင် လာမယ့်ရာသီ ဘယ်နောက်ခံနေရာမှာ ပိုပြီး ပုံမှန်မြင်တွေ့ရနိုင်ပါတယ်။ ဂျပန်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်နဲ့ပွဲက ဘယ်နောက်ခံနေရာမှာ စိတ်လှုပ်ရှားဖွယ် စွမ်းဆောင်ရည်ပြသခဲ့သူဖြစ်ပြီး အာတီတာအနေနဲ့ အဲဒီနေရာမှာ တိုမီယဆုဆီကနေ ပိုပြီး မြင်တွေ့ချင်နေပုံပေါ်ပါတယ်။ အာဆင်နယ်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ဘယ်နောက်ခံလူ ဇင်ချန်ကို ကို မမြင်ခဲ့ရပေမယ့်လည်း တိုမီယဆုက ဘယ်နောက်ခံနေရာမှာ ကစားနေပြီး နည်းပြရဲ့ ချီးကျူးမှုကို ရရှိနေခဲ့တာကို မြင်ရပါတယ်။
ဟာဗတ်ဇ်ကို ပထမဆုံးအကြိမ် ကြည့်ခွင့်ရခြင်း
ပရိသတ်တွေဟာ ဗီဒီယိုထဲမှာ ဂျာမန်ကြယ်ပွင့်ကို ပထမဆုံးအကြိမ် အာဆင်နယ်ဂျာစီနဲ့ မြင်တွေ့ခွင့်ရခဲ့ပြီး အာတီတာအနေနဲ့ ပြီးခဲ့တဲ့ရာသီ စတမ်းဖို့ဒ် ဘရစ်ချ်မှာ False 9 အဖြစ် တော်တော်လေး ကစားခဲ့ရတဲ့ ဟာဗတ်ဇ်ကို ဘယ်နေရာမှာ အသုံးပြုမလဲဆိုတာ ပရိသတ်တွေကြားထဲမှာ အငြင်းအခုံတော်တော်လေး ဖြစ်နေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်၊ ဒီကလန် ရိုက်တို့နဲ့အတူ ချာကာရဲ့ နေရာမှာ အသုံးပြုခံရနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေက ကြီးထွားလာနေပါတယ်။
နည်းစနစ်ပိုင်းမှာ ဆရာကျတဲ့ အာတီတာ
ပြီးခဲ့တဲ့ရာသီမှာ အာတီတာက ထိပ်တန်းအဆင့် စီမံခန့်ခွဲနိုင်စွမ်းရှိကြောင်း သံသယရှိသူတွေကို သက်သေပြသနိုင်ခဲ့ပြီး ၎င်းကို အရည်အချင်းရှိတဲ့ ကစားသမားဖြစ်စေခဲ့တဲ့ နည်းစနစ်ပိုင်း အရည်အချင်းတွေလည်း တစ်စက်လေးမှ မလျော့သေးဘူးဆိုတာ ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ ဗီဒီယို အစောပိုင်းမှာ အာဆင်နယ်နည်းပြဟာ ၎င်းရဲ့ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်တို့နဲ့အတူ no bounce (ဘောလုံးကို မတူညီတဲ့ အကွာအဝေးကနေ မခုန်ပေါက်စေဘဲ ဂိုးပိုက်အနောက်ကို ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ထပ်တစ်ကြိမ်ကန်သွင်းမှု)ကစားပွဲ ကစားနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အာတီတာဟာ ကစားသမားဘဝတုန်းက ကွင်းလယ်ကစားသမားဖြစ်ခဲ့တဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ပါရမီအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အော်ဒီဂွါဒ်ကို ပြောင်မြောက်တဲ့ ကျွမ်းကျင်မှုတွေကို ပြသခဲ့တာဖြစ်ပါတယ်။
အအော်ခံခဲ့ရတဲ့ ဗီယာရာ
ဖေဘီယို ဗီယာရာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာကတည်းက အာဆင်နယ်မှာ ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပေးရတဲ့စျေးနဲ့တန်လားဆိုတာကို မေးခွန်းထုတ်နေဆဲဖြစ်တဲ့ ဂန်းနားပရိသတ်အချို့ကို ယုံကြည်လာအောင် ကြီးမားတဲ့ တိုးတက်မှုပြုလုပ်ပြဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီယာရာရဲ့ ရာသီကြိုဟာ မျှော်လင့်ထားသလောက် မကောင်းမွန်ခဲ့ဘူးဆိုတာ ဒီဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပြီး အကယ်ဒမီကစားသမားရဲ့ ခြေထောက်ထဲကို ဆိုးရွားတဲ့ ဘောလုံးပေးပို့မှု ပြုလုပ်ခဲ့ပြီးနောက် အသင်းကို ဒုက္ခရောက်စေခဲ့တဲ့အတွက် အာတီတာက အမှားကနေ သင်ယူဖို့ လှမ်းအော်ဟစ်တာကို ခံခဲ့ရပါတယ်။ အာတီတာဟာ ပေါ်တိုကွင်းလယ်ကြယ်ပွင့်ဟောင်းနဲ့ပတ်သက်ပြီး လူရှေ့သူရှေ့မှာ အကောင်းပဲ ပြောပေမယ့်လည်း လေ့ကျင့်ရေးကွင်းမှာတော့ ဗီယာရာကို အမှားလုပ်တာနဲ့ အော်ဟစ်ဖို့ ဝန်မလေးဘူးဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။
အသင်းအဖွဲ့စိတ်ဓာတ်
အာဆင်နယ်ကစားသမားအချို့ဟာ အချိန်အတော်ကြာအောင် အပျော်ရွှင်ဆုံးသူတွေ ဖြစ်နေပုံပေါ်ပြီး ပိုပြီးထင်ရှားတဲ့အရာကတော့ မျက်နှာသစ်ကစားသမားတွေဟာ ချောချောမွေ့မွေ့ပဲ အသားကျနေပုံပေါ်ခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်ဟာ လေ့ကျင့်ရေးမှာ ရိစ် နယ်လ်ဆင်၊ မိုဟာမက် အယ်လ်နန်နီ၊ ချဲလ်ဆီးအသင်းဖော်ဟောင်း ဂျော်ဂျင်ညိုတို့လို ကစားသမားတွေနဲ့ နောက်ပြောင်ရယ်မောပြီး အဖွဲကျနေပြီးဖြစ်ပါတယ်။ ဒီလို အသင်းဖော်တွေကြား သဟဇာတဖြစ်မှုက လာမယ့်ရာသီ အာဆင်နယ်ရဲ့ ရည်မှန်းချက်ကို ပြည့်မြောက်အောင် လုပ်ဆောင်ရာမှာ အဓိကကျလာမှာ သေချာပါတယ်။
Arsenal Myanmar
Ref: Internet