လီဗာပူးလ်ကို နိုင်ရင် ပရီးမီးယားလိဂ်ရပြီလို့ ပြောကြားခြင်းခံခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

လီဗာပူးလ်ကို နိုင်ရင် ပရီးမီးယားလိဂ်ရပြီလို့ ပြောကြားခြင်းခံခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ အာတီတာအနေနဲ့ ကြယ်ပွင့်နောက်ခံလူ ဆာလီဘာမပါဘဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုကတော့ ပြန်လည်ကစားပေးနိုင်ခဲ့တဲ့အချိန်ကတည်းက ထက်မြက်နေပုံပေါ်ပြီး နာမကျန်းဖြစ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဟေးအမ်းအကယ်ဒမီထွက် ဆာကာနဲ့အတူ လီဗာပူးလ်ကို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဘန် ဝှိုက်ကလည်း အရေးကြီးတဲ့ပွဲစဉ်အတွက် ပြန်လည်ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး တိုမီယဆုနဲ့ အယ်လ်နန်နီတို့ကတော့ ကာလရှည်အနားယူရမယ့်ဒဏ်ရာပြဿနာတွေကြောင့် ဆက်လက်လွဲချော်မှာဖြစ်ပါတယ်။

မာဆေးလ် နည်းပြ အီဂေါ် တူဒေါ်ရဲ့ ဂွမ်ဒူဇီနဲ့ပတ်သက်ပြီး မနှစ်သက်မှုက အာဆင်နယ်ကြယ်ပွင့်ဟောင်းကို လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာစေနိုင်မှာဖြစ်တာကြောင့် ပရိသတ်တွေ စိတ်ပျက်နေကြပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ပြင်သစ်ကွင်းလယ်လူကို အက်စတန် ဗီလာက စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း ဂွမ်ဒူဇီက မာဆေးလ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားကို နည်းပြ အီဂေါ် တူဒေါ်က သဘောမကျဘူးလို့ RMC Sport အတိုင်ပင်ခံ စတီဖန် ဂိုင်းက ပြောကြားခဲ့ပါတယ်။ “တူဒေါ်နဲ့ နီးစပ်တဲ့သူတွေဆီက ကြားရတဲ့စကားအရ သူက ဂွမ်ဒူဇီအတွက် လေးစားနှစ်သက်မှု မရှိဘူးလို့  ကျွန်တော် သိထားတယ်”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ဂိုးသမား မတ် တန်နာက အာဆင်နယ်ကစားသမားတွေဟာ All or Nothing စီးရီးထဲက လူအများကြားထဲမှာ ဟာသလုပ်စရာဖြစ်ခဲ့တဲ့ အာတီတာရဲ့ ဝှိုက်ဘုတ်ပေါ်မှာ ရေးသားခဲ့တဲ့အတိုင်း ကစားနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။ “ဒါက သူ ဘယ်သူလဲဆိုတာပါပဲ။ သူက ခင်ဗျားစိတ်ကို မတူညီတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်စေတယ်။ ခင်ဗျားရဲ့ အတွေးတွေကို ဖွင့်ဖို့နဲ့ ခင်ဗျားရဲ့ သွေးတွေကို မတူညီတဲ့နည်းလမ်းနဲ့ စုပ်ယူဖို့ ကြိုးပမ်းတယ်။ မတူညီတဲ့ တွေးခေါ်ပုံတွေကို နားလည်လာအောင် လုပ်ပေးတယ်။ အဲဒါက သူနဲ့ပတ်သက်ပြီး ကျွန်တော် အနှစ်သက်ဆုံးအရည်အချင်းတွေထဲက တစ်ခုလို့ ထင်ပြီး သူက အမြဲတမ်း ကျွန်တော့်ဆီကနေ အားပေးထောက်ခံမှုကို ရနေမှာပါ။ ကျွန်တော် ကွင်းထဲမှာ ဘာလုပ်ရလဲဆိုတာ အရေးမပါပါဘူး။ သူက ကျွန်တော့်ရဲ့ ထောက်ခံမှုကို ရနေမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် တကယ်ကို ပြင်းပြင်းထန်ထန် အလုပ်လုပ်တာကို သူ သိနေလို့ပါ။ ကျွန်တော်နေ့တိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ဒီလိုမျိုး လူတစ်ယောက်အတွက် ကစားပေးရတာက လွယ်ကူတယ်။ သူ ဘယ်လိုပဲ တောင်းဆိုသည်ဖြစ်ဖြစ်ပေါ့။ ခင်ဗျား သိလား။ ခင်ဗျား ကွင်းထဲကိုသွားပြီး သူ့ရဲ့အကြံအစည်တွေ တကယ့်လက်တွေ့မှာဖြစ်လာအောင် လုပ်ပေးဖို့ ကြိုးပမ်းပေးရတာမျိုးပေါ့။ သူက ခင်ဗျားကို အမြဲတမ်း ထောက်ခံနေမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်အသင်းဟာ လက်စတာစီးတီးကွင်းလယ်လူ တိုင်လီမန်းစ်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Football Insider ကို သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်နဲ့ ဘာစီလိုနာတို့ကလည်း လာမယ့်နွေရာသီမှာ ခေါ်ယူချင်နေတဲ့ တိုင်လီမန်းစ်ဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အလွတ်နဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပေမယ့်လည်း လစာပမာဏတောင်းဆိုမှုက မြင့်မားနေတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။

-လီဗာပူးလ်ကြယ်ပွင့် ၂ သီးဖြစ်တဲ့ လူးဝစ္စ ဒီယက်ဇ်နဲ့ သီယေဂို အယ်လ်ကန်တာရာတို့ဟာတနင်္ဂနွေနေ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ပွဲကစားခွင့် ပြန်လည်ရရှိသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ကိုလံဘီယာကြယ်ပွင့်ဟာ ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် အောက်တိုဘာလကတည်းက ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့တာဖြစ်ပြီး မတ်လလယ်ကတည်းက လေ့ကျင့်ရေးပြန်ဆင်းနေခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က မန်စီးတီး၊ ချဲလ်ဆီးတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွက် လူစာရင်းထဲမှာ ဒီယက်ဇ်ကို ထည့်သွင်းဖို့ တောင်းဆိုမှုတွေကို ငြင်းပယ်ခဲ့ပြီး ကိုလံဘီယာကြယ်ပွင့် ပြန်လည်ပါဝင်မှုအပေါ် သတိကြီးကြီးနဲ့ ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြာသပတေးနေ့လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာကင်းကင်းနဲ့ ဖြတ်သန်းနိုင်ခဲ့ပြီးနောက် ဂန်းနားတွေနဲ့ပွဲမှာ ပြန်ပါလာဖို့ ရှိနေတာဖြစ်ပါတယ်။ သီယေဂိုကလည်း ဖေဖော်ဝါရီအစောပိုင်းကတည်းက ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့တပတ်လုံး လေ့ကျင့်ရေးပြန်ဆင်းနေခဲ့တာကြောင့် ဒီတိုင်းသာ ဆက်လက်လုပ်ဆောင်နိုင်ရင် ၄၈ နာရီအတွင်း လူစာရင်းထဲ ပြန်လာနိုင်မယ်လို့ မျှော်မှန်းခံထားရတယ်လို့ The Daily Telegraph က ဖော်ပြခဲ့ပါတယ်။

-အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က အာဆင်နယ်အနေနဲ့ တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို အနိုင်ကစားနိုင်ရင် ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်တယ်လို့ ယုံကြည်နေပေမယ့်လည်း အလွန်ခက်ခဲတဲ့ပွဲဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ မာဆန်က ယာဂန် ကလော့ပ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဆာလား၊ အာနိုးတို့ကို ထုတ်မသုံးခဲ့တာက အာဆင်နယ်နဲ့ပွဲအတွက် အားမွေးခိုင်းထားတာဖြစ်နိုင်တယ်လို့ ထင်မြင်နေပြီး လီဗာပူးလ်က မန်ယူနိုက်တက်ကို အိမ်ကွင်းအန်းဖီးမှာ ဂိုးပြတ်အနိုင်ယူထားတာ သိပ်မကြာသေးတာကလည်း သတိထားရမယ့်အရာလို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းအတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမယ့် အန်းဖီးက ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားက ဂန်းနားတွေအတွက်ပဲလို့ အားပေးခဲ့ပြီး အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet